ညောင်လေးပင်  ၃၀  နိုဝင်ဘာ

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်တွင် ဆောင်းသီးနှံ ပဲတီစိမ်းကို မျိုးစေ့ချကိရိယာဖြင့် စမ်းသပ်စိုက်ပျိုးလျက် ရှိကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။

 

အဆိုပါ မျိုးစေ့ချကိရိယာအား လယ်ထွန်စက် မြင်းကောင်ရေ ၄၇ ကောင်မှ မြင်းကောင်ရေ ၉၀ အထိ တွဲသုံး၍ရကြောင်း၊ မြေအနေအထားပေါ်မူတည်ကာ ထယ် နှစ်ပြန် သို့မဟုတ် သုံးပြန်ထွန်ပြီး မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးနိုင်ကြောင်း၊ ၎င်းကိရိယာတွင် မျိုးစေ့ချ  ၁၀ တန်းပါရှိကာ စက်သွားနှုန်းပေါ်မူတည်၍ မျိုးစေ့ကိုလည်းအနည်းအများ ချိန်ညှိပေးကြောင်း၊ တစ်ဧကလျှင် ပဲမျိုး ၁၂ ပြည်နှုန်းဖြင့် ချိန်ညှိပေးထားကြောင်း၊  မည်သည့်ပဲမျိုးမဆို အသုံးပြု၍ ရကြောင်း၊ တောင်သူများ တိုက်ရိုက်မျိုးစေ့ချ ကိရိယာဖြင့် စိုက်ပျိုးချင်ပါက စက်မှုလယ်ယာဦးစီးဌာနမှ စမ်းသပ်စိုက်ပျိုးသည့် ကာလဖြစ်သောကြောင့် တောင်သူမှ စက်ဆီဖိုးကျခံစေကာ မျိုးစေ့ချကိရိယာ၊ ထွန်စက်နှင့် မောင်းသူအသုံးပြု၍  ဝန်ဆောင်မှုပေးလျက်ရှိကြောင်း စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရားကိုင်ထန်းက ပြောသည်။

 

"မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးတဲ့အတွက် ပင်ခြား လေးလက္မ၊ တန်းခြား ၁၀ လက္မဖြင့် အပင်ပေါက်ကျဲခြင်းစိတ်ခြင်း မရှိတော့ပဲ အပေါက်ညီတယ်၊  အပင်မှာ အတန်းလိုက်ဖြစ်တာကြောင့် အသီးခြွေလို့လဲအဆင်ပြေတယ်၊ ရိတ်သိမ်းမယ်ဆိုလည်း အဆင်ပြေတယ်၊ အပင်လေဝင်လေထွက် ကောင်းတာကြောင့် ပိုးမွှားကျမှုနည်းပြီး ဆေးဖိုးကုန်ကျစရိတ် သက်သာတယ်၊ တစ်ဧက ကုန်ကျစရိတ်လျော့ချနိုင်မယ်၊ လုပ်သားရှားပါးတဲ့အချိန်မှာ မျိုးစေ့ချ ကိရိယာကိုအသုံးပြု စိုက်တာကြောင့် တစ်နာရီကို သုံးဧက ခန့်ပြီးလို့ လုပ်ငန်းမြန်ဆန်တယ်" ဟု မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာမှ ဒုဦးစီးမှူး ဦးမြတ်ဇော်မင်း ကပြောသည်။

 

ညောင်လေးပင်မြို့နယ်တွင်  ပဲမျိုးစုံစိုက်ဧက ၁၂၀၀၀၀ ကျော်တွင် လက်ရှိ ၅၀ ရာခိုင်နှုန်းကျော် စိုက်ပျိုးပြီးဖြစ်ကာ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနနှင့် ရွှေလယ်ယာဝန်ဆောင်မှု အသင်းတို့ ပူးပေါင်း၍ မျိုးစေ့ချကိရိယာဖြင့် စမ်းသပ်စိုက်ပျိုးထားသော ပဲဒီစိမ်းစိုက်ဧက ၂၅၀ ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။

သက်လွင် (ညောင်လေးပင်)