ရန်ကုန် ဩဂုတ် ၂၈

ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေး အထူးဇုန်ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများသည် ဩဂုတ် ၂၇ ရက် မွန်းလွဲပိုင်းတွင် မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေး အထူးဇုန်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။

ဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျေးလက်လမ်းဦးစီးဌာနမှ ဆောင်ရွက်နေသည့် ဆပ်သွားတော ညောင်နှစ်ပင်လမ်းရှိ ဂျိုးဖြူပိုက်လုံးခုံးကျော်တံတားအား နှစ်လမ်းသွားအဖြစ် ဆောင်ရွက်နေမှုနှင့် မြေထိန်းနံရံတည်ဆောက်နေမှု၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညောင်နှစ်ပင်အထူးဇုန် ဟင်းသီးဟင်းရွက် လက်ကားဈေး တည်ဆောက်မည့် လျာထားသည့်မြေနေရာနှင့် ၎င်းမြေနေရာတွင် စိုက်ပျိုးထားရှိသည့် ဟင်းသီးဟင်းရွက်စိုက်ခင်းတို့ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များနှင့် စိုက်ပျိုးထားရှိမှုများကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်နှစ်ပင်အထူးဇုန်(၂)သို့ ရောက်ရှိရာ ခန်းမဆောင်တွင် ဇုန် (၁)၊ ဇုန် (၂)၊ ဇုန် (၃)တို့မှ ဇုန်ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်နေသည့် မြေကွက်များ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးရောနှော ဆောင်ရွက်နေသည့် မြေကွက်များ၊ လုပ်ငန်းဆောင်ရွက်ခြင်းမရှိသည့် မြေကွက်များအား မြေပုံကားချပ်များဖြင့် ရှင်းလင်းတင်ပြကြရာ ဝန်ကြီးချုပ်က ဇုန်အတွင်း လိုအပ်သော လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အခြေအနေများနှင့် စိုက်ပျိုးမြေများကို အလွတ်မထားဘဲ စိုက်ပျိုးမွေးမြူစေရေး တာဝန်ရှိသူအဆင့်ဆင့်က ကြီးကြပ်ဆောင်ရွက်သွားရန်နှင့် လုပ်ကိုင်ခွင့်ရရှိထားသူများအနေဖြင့် လုပ်ငန်းဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာဇုန်ကော်မတီများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဝိုင်းဝန်း၍ ပေါင်းစပ်ဆောင်ရွက်ပေးကြရန် မှာကြားသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇုန်အတွင်းရှိ စစ်မှုထမ်းဟောင်း လေ့ကျင့်ရေးသင်တန်းကျောင်းသို့ ရောက်ရှိ၍ ကျောင်းအုပ်ကြီးက သင်တန်းကျောင်းဆိုင်ရာများအား ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က မြေကွက်အလွတ်များကို ဝင်ငွေရရှိအောင် ငှားရမ်းချထားပေးရန်နှင့် နေကြာပင်များ စိုက်ပျိုးရန် လာရောက်ကြည့်ရှုသည့် အခြေအနေများကို ပြောကြားသည်။

ယင်းနောက် ဝန်ကြီးချုပ်သည် ခရိုင်ချင်းဆက် အမှတ်(၁)လမ်းမှ ညောင်နှစ်ပင်ညီလာခံသို့ အရှည်ပေ (၁၂၀၀) မြေသားတာဘောင် အကျယ်(၄၈)ပေ ကွန်ကရစ်လမ်းအကျယ် (၂၂)ပေ လမ်းအူကြောင်းအသစ် ဖောက်လုပ်နေသည့် လုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြမှုအပေါ် ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ဆန်းကျော်ဦး(ပြန်/ဆက်)