ညောင်ရွှေ ၁၉ မေ
တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေးအရှေ့သစ်တော ကြိုးဝိုင်းအတွင်းရှိ ရန်အောင်မြင် တောင်ကုန်းတွင် မေ ၁၇ ရက်က ညောင်ရွှေမြို့နယ်၊ နမ်းလီသပြေကုန်းကျေးရွာ နှင့် ကုန်းခြံထက် ကျေးရွာတို့ မှ ဒေသခံ တိုင်းရင်းသားများနှင့် သစ်တောဦးစီးဌာန ဝန်ထမ်းများက သစ်စေ့ (၇၂ဝဝဝ) ပါဝင်သည့် သစ်စေ့မြေလုံး (Seed Ball) ၂၄၀၀၀ အား ၉ ပေအကွာ ဆူးထိုးစိုက်ပျိုးခဲ့ကြပြီး သစ်စေ့မျိုးစုံ (၆၃၀၀၀) ကို ကြဲပက် စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။
ယင်းသို့ စိုက်ပျိုးသည့် ဧရိယာသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ သယံဇတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင် နှင့် ညောင်ရွှေမြို့နယ် မဲဆန္ဒနယ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်းတို့ ကြည့်ရှု့အားပေးခဲ့ကြသည်။
“ကျွန်တော်တို့ သစ်တောဦးစီးဌာနအနေနဲ့ ၂၀၂၀ ပြည့်နှစ် မိုးရာသီကာလ စိမ်းလန်းစိုပြေရေးနဲ့ အင်းလေးကန် ရေရှည်တည်တံ့ ထိန်းသိမ်းရေးအတွက် တောင်ကြီးခရိုင်အတွင်း၊ အင်းလေး ရေဝေရေလဲ ဧရိယာဖြစ်တဲ့ ညောင်ရွှေမြို့နယ်၊ ကလောမြို့နယ်၊ တောင်ကြီးမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ပင်းတယမြို့နယ်တွေမှာ သစ်စေ့မြေလုံး (၁၇၀၀၀၀) ကို ကြဲပက် ဆူးထိုးစိုက်ပျိုးသွားမှာပါ။ နောက် ရှမ်းပြည်နယ် မဲခေါင်မြစ် ရေဝေရေလဲ ဧရိယာအတွင်း ကျရောက်တဲ့ ကျိုင်းတုံမြို့နယ် တောင်ကတုံးများမှာလည်း ၂၀၂၀ ပြည့်နှစ် မိုးဦးရာသီကာလမှာပဲ သစ်စေ့မြေလုံး (၁၇၂၀၀) ဆူးထိုး စိုက်ပျိုးသွားမှာ ဖြစ်ပါတယ်” ဟု ရှမ်းပြည်နယ် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောသည်။
သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)
ဓါတ်ပုံ-မျိုးကြီး


