ညောင်ရွှေ ၁၉  မေ

 

တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေးအရှေ့သစ်တော ကြိုးဝိုင်းအတွင်းရှိ ရန်အောင်မြင် တောင်ကုန်းတွင် မေ ၁၇ ရက်က ညောင်ရွှေမြို့နယ်၊ နမ်းလီသပြေကုန်းကျေးရွာ နှင့် ကုန်းခြံထက် ကျေးရွာတို့ မှ ဒေသခံ တိုင်းရင်းသားများနှင့် သစ်တောဦးစီးဌာန ဝန်ထမ်းများက သစ်စေ့ (၇၂ဝဝဝ) ပါဝင်သည့် သစ်စေ့မြေလုံး (Seed Ball) ၂၄၀၀၀ အား ၉ ပေအကွာ ဆူးထိုးစိုက်ပျိုးခဲ့ကြပြီး သစ်စေ့မျိုးစုံ (၆၃၀၀၀) ကို ကြဲပက် စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။

 

ယင်းသို့ စိုက်ပျိုးသည့် ဧရိယာသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ သယံဇတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင် နှင့် ညောင်ရွှေ​မြို့နယ် မဲဆန္ဒနယ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်းတို့ ကြည့်ရှု့အားပေးခဲ့ကြသည်။

 

“ကျွန်တော်တို့ သစ်တောဦးစီးဌာနအနေနဲ့ ၂၀၂၀ ပြည့်နှစ် မိုးရာသီကာလ စိမ်းလန်းစိုပြေရေးနဲ့  အင်းလေးကန် ရေရှည်တည်တံ့ ထိန်းသိမ်းရေးအတွက် တောင်ကြီးခရိုင်အတွင်း၊  အင်းလေး ရေဝေရေလဲ ဧရိယာဖြစ်တဲ့ ညောင်ရွှေမြို့နယ်၊ ကလောမြို့နယ်၊ တောင်ကြီးမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ပင်းတယမြို့နယ်တွေမှာ သစ်စေ့မြေလုံး  (၁၇၀၀၀၀) ကို ကြဲပက် ဆူးထိုးစိုက်ပျိုးသွားမှာပါ​။ နောက် ရှမ်းပြည်နယ် မဲခေါင်မြစ် ရေဝေရေလဲ ဧရိယာအတွင်း ကျရောက်တဲ့ ကျိုင်းတုံမြို့နယ် တောင်ကတုံးများမှာလည်း ၂၀၂၀ ပြည့်နှစ် မိုးဦးရာသီကာလမှာပဲ သစ်စေ့မြေလုံး (၁၇၂၀၀)  ဆူးထိုး စိုက်ပျိုးသွားမှာ ​ဖြစ်ပါတယ်” ဟု ရှမ်းပြည်နယ် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောသည်။

 

သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)

ဓါတ်ပုံ-မျိုးကြီး