ညောင်ရွှေ ၁၆ စက်တင်ဘာ
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်း ပြီးခဲ့သည့် မေလကုန်ပိုင်းခန့်က ဝက်များနာမကျန်းဖြစ်ပြီး သံသယဖြစ်ဖွယ်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ပြည်နယ်အဆင့် ဝက်အာဖရိက အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီအစည်းအဝေးအမှတ်စဉ် (၄/၂၀၂၀)၏ ဆုံးဖြတ်ချက်အရ ဝက်နှင့်ဝက်ထွက်ပစ္စည်းများ တင်သွင်း၊ တင်ပို့ရောင်းချမှုများကို ဇွန် ၁ ရက်မှစတင်၍ ကန့်သတ်တားမြစ်လိုက်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၏ ၁-၆-၂၀၂၀ ရက်စွဲပါ စာအမှတ်၊ ၇၃၇၄/၆-၆၃၃/ အစရ(ရှမ်း)ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ အာဖရိကဝက်အပြင်းဖျားရောဂါ ဖြစ်ပွားမှုအား ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့(OIE)သို့ အစီရင်ခံစာပေးပို့ခဲ့ပြီး ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဝက်နှင့်ဆက်စပ်ပစ္စည်များ အသွားအလာကန့်သတ်ခြင်း၊ သေဆုံးဝက်များကို စနစ်တကျ ရှင်းလင်းခြင်း၊ ရောဂါစူးစမ်းထောက်လှမ်းခြင်း၊ ပိုးသတ်သန့်စင်ခြင်း၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရောဂါရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ စောင့်ကြည့်ကာလ (၃)လတာအတွင်း ရောဂါထပ်မံဖြစ်ပွားမှု မတွေ့ရှိရကြောင်း သိရှိရသည်။
သို့ဖြစ်၍ ညောင်ရွှေမြို့နယ်အတွင်း အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် ကန့်သတ်တားမြစ်မှုများအား ရှမ်းပြည်နယ်အစိုးရအဖွဲရုံး၏ ၁၅-၉-၂၀၂၀ ရက်စွဲပါစာအမှတ်၊ ၁၂၅၂၄ / ၆-၆၃၃ / အစရ (ရှမ်း) ဖြင့်လည်းကောင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ၁၄-၉-၂၀၂၀ ရက်စွဲပါစာအမှတ် တဆထ/၅/ASF/(၃၈၁)/ မကညကခ-၂၀၂၀ ဖြင့်လည်းကောင်း ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။
စိုင်းအယ်ဘဲ (ပြန်/ဆက်)


