ညောင်ဦး ဩဂုတ် ၂၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးရိုင် ကျောက်ပန်းတောင်းမြို့နယ်နှင့် ညောင်ဦးမြို့ နယ်ရှိ တောင်သူများ အနေဖြင့် မြေအောက်ရေသွင်းစိုက်ပျိုးသည့် တိုင်ထောင်ခရမ်းချဉ်များ စိုက်ပျိုး လျက်ရှိရာ အောင်မြင်ဖြစ်ထွန်းပြီး ခရမ်းချဉ်သီးပေါ်ချိန် တစ်ပိသာ ၁၅၀၀ ကျပ် ရောင်းချရ ခြင်းကြောင့် တွက်ခြေကိုက်နေကြကြောင်း ကျောက်ပန်းတောင်းမြို့နယ် လဲဂွကျေးရွာ ခရမ်းချဉ်စိုက် တောင်သူ ဦးမောင်စိုးထံက သိရသည်။
တိုင်ထောင်ခရမ်းချဉ် စိုက်ပျိုးရာတွင် တစ်သုံးလုံးတံဆိပ် စပ်မျိုးခရမ်းချဉ်ပျိုးထုပ်များဝယ်ကာ ပျိုးအိတ်တစ်အိတ် တစ်စေ့နှုန်းဖြင့် ပျိုးထောင်ကြကြောင်း၊ ပျိုးထောင် သက် ၁၅ ရက်ခန့်ရလျှင် ခရမ်းချဉ်စိုက်မည့် စိုက်ခင်းသို့ ရွေ့ပြောင်းစိုက်ပျိုးရပြီး ရေသွင်းစနစ်ဖြင့် ရေမြောင်းလုပ်ကာ ရေမြောင်းတက်ဖက်တစ်ချက်တွင် ခရမ်းချဉ်ပင်များ စိုက်ပျိုးပြီး ခရမ်းချဉ်ပင် အပေါ်သို့ ဖြောင့်မတ်စွာ တက်နိုင်စေရန် တိုင်ထောင်ပေးထားရကြောင်း၊ ခရမ်းချဉ်ပင်များ ရက် ၂၀ ခန့်ရှိလျှင် အပွင့်လိုက်ပြီး စတင်အသီးသီးကြောင်း သိရသည်။
ခရမ်းချဉ်သီးများကို ခရမ်းချဉ်ပွဲစားများက စိုက်ခင်းထိလာရောက် ဝယ်ယူကြခြင်းနှင့် ကျောက်ပန်းတောင်း မြို့မဈေးပွဲရုံများသို့ ရောင်းချခြင်း၊ ညောင်ဦးမြို့နယ်ထွက် ခရမ်းချဉ်သီး များအား ပခုက္ကူဈေးကွက်သို့ အများဆုံးရောင်းချပြီး ညောင်ဦးမြို့ မဏိစည်သူဈေးသို့လည်း သွားရောက်ရောင်းချကြကြောင်း၊ တိုင်ထောင် ခရမ်းချဉ်သီး လှိုင်လှိုင်ပေါ်ချိန် တစ်ပိသာ ၁၅၀၀ ကျပ်ရောင်းချရခြင်းကြောင့် တိုင်ထောင်ခရမ်းချဉ်စိုက်ပျိုး တောင်သူများ မိသားစုဝင်ငွေ တွက်ခြေကိုက်နေကြကြောင်း ခရမ်းချဉ်စိုက်တောင်သူများထံက သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် လက်ပံအိုင့်ကျေးရွာ၊ လဲဂွ၊ ညောင်ဖြူပင်၊ မုန့်ကုန်း၊ အမှတ်-၃၊ ဆပ်ပြာကျင်း၊ မကျီးတိုင်းကျေးရွာများနှင့် ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာအုပ်စုရှိ ကျေးရွာများ၊ အောက်ညဉ့်ကျေးရွာ၊ အထက်ညဉ့်ကျေးရွာ၊ သူကောင်းတည်ကျေးရွာနှင့် တောင်ဖက်တန်းကျေးရွာများသည် မြေအောက်ရေအသုံးပြုကာ တိုင်ထောင်ခရမ်းချဉ်စိုက် ပျိုးသည့် ကျေးရွာများဖြစ်ကြောင်း သိရသည်။
ကိုကြေးမုံ