ညောင်ဦး ၆ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ အဝင်အထွက် စစ်ဆေးရေးဂိတ်များတွင် Thermo Screen အလိုအလျောက် အပူချိန်တိုင်းစက် တပ်ဆင်စစ်ဆေးခြင်းကို စက်တင်ဘာ ၅ ရက်မှစ၍ စတင်အသုံးပြုနေပြီဖြစ်ကြောင်း ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး ထံမှ သိရသည်။
ညောင်ဦးခရိုင်/မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်ကာ ကျောက်ပန်း တောင်းမြို့နယ်ဘက်မှ ဝင်ရောက်လာသူများအား မြတ်နိုးသူတိုးဂိတ်တွင်လည်းကောင်း၊ ချောက်မြို့နယ်ဘက်မှ ဝင်ရောက်လာသူများအား လောကနန္ဒာ မြစ်ရေတင်ဂိတ်တွင်လည်းကောင်း အလိုအလျောက် အပူချိန်တိုင်းစက်ဖြင့် တပ်ဆင်စစ်ဆေးနေပြီး မြင်းခြံမြို့၊ ပခုက္ကူမြို့ဘက်မှ ဝင်ရောက်လာသူများကိုလည်း အလိုအလျောက်အပူချိန် စစ်ဆေးနိုင်သည့်စက်ဖြင့် တပ်ဆင်စစ်ဆေးနေကြောင်း သိရသည်။
အလားတူ ညောင်ဦးမြို့သို့ ဝင်ရောက်လာသူများ၏ ယာဉ်နံပါတ်၊ တယ်လီဖုန်းနံပါတ်နှင့် လာရောက်သည့် နေရပ်လိပ်စာ မှတ်တမ်း ပေးထားခြင်းများကိုလည်း စစ်ဆေးရေးဂိတ်တွင် ဆောင်ရွက်နေကြောင်း သိရသည်။
ညောင်ဦးမြို့သို့ ကိုဗစ်-၁၉ ရောဂါတွေ့ရှိနေသည့် မြို့မှလာရောက်ပါက ညောင်ဦးခရိုင်/မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီမှ စီစဉ်ထားရှိသည့် Community Base Facility Quarantine Centre များတွင် ၂၁ ရက် ဝင်ရောက်ရမည်ဖြစ်ကာ မိမိတို့အစီအစဉ်ဖြင့် ဟိုတယ်များတွင် Quarantine ဝင်ရောက်လိုပါက မိမိစရိတ်ဖြင့် ဝင်ရောက်နိုင်ကြောင်း ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီထံမှ သိရသည်။
မောင်မောင်ထိန်၊ကျောက်ပန်းတောင်း


