ညောင်ဦး ၁၃  စက်တင်ဘာ 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ အဝင်အထွက် စစ်ဆေးရေးဂိတ်များတွင် Thermo Screen အလိုအလျောက် အပူချိန်တိုင်းစက် တပ်ဆင်စစ်ဆေးခြင်းဖြင့် ညောင်ဦးမြို့သို့ ဝင်ရောက်လာသည့် ခရီးသွားပြည်သူများအား နေ့စဉ်  ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်း ညောင်ဦးခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ (ခရိုင်အုပ်ချုပ်ရေးမှူး) ဦးကျော်ကျော်အုန်းထံမှ သိရသည်။

 

ညောင်ဦးခရိုင်/မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်ကာ ကျောက်ပန်းတောင်းမြို့နယ်ဘက်မှ ဝင်ရောက်လာသူများအား မြတ်နိုးသူတိုးဂိတ်တွင် Thermo Screen အလိုအလျောက် အပူချိန်တိုင်းစက်တစ်လုံး တပ်ဆင်စစ်ဆေးနေခြင်း၊ ချောက်မြို့နယ်ဘက်မှ ဝင်ရောက်လာသူများအား လောကနန္ဒာမြစ်ရေတင်ဂိတ်တွင် Thermo Screen အလိုအလျောက် အပူချိန်တိုင်းစက်တစ်လုံး တပ်ဆင်စစ်ဆေးနေခြင်း၊ မြင်းခြံမြို့၊ ပခုက္ကူမြို့ဘက်မှ ဝင်ရောက် လာသူများအား အလိုအလျောက်အပူချိန် စစ်ဆေးနိုင်သည့် Thermo Screen စက်တပ်ဆင်ထားရှိ စစ်ဆေးနေကြောင်း ညောင်ဦးခရိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းက ပြောသည်။

 

အဆိုပါ Thermo Screen အလိုအလျောက် အပူချိန်တိုင်းစက် တပ်ဆင်အသုံးပြုခြင်းဖြင့်  CCTV ကင်မရာရှေ့ ဝင်ရောက်သွားရုံဖြင့် စောင့်ကြည့်တီဗွီပေါ်တွင် အပူချိန် အလိုအလျောက် တိုင်းပြီးသားဖြစ်ကာ ပုံရိပ်ဖမ်းယူထားရှိ မှတ်တမ်းတင်ထားကြောင်း၊  Mask မတပ်ဆင်ထားပါကလည်း ဖန်သားပြင်တွင် စစ်ဆေးတွေ့ရှိနိုင်ခြင်း အသားချက်များရှိကာ စစ်ဆေးသည့် လူနှင့်တိုက်ရိုက်ထိတွေ့မှု မရှိခြင်းက အားသာချက်ဖြစ်ကြောင်း ညောင်ဦးမြို့နယ် ကိုဗစ်- ၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်း (မြို့နယ်အုပ်ချုပ်ရေးမှူး) ကရှင်းပြသည်၊၊ ညောင်ဦးမြို့သို့ ဝင်ရောက်လာသည့် ကားများ၊ သုံးဘီးဆိုင်ကယ်များ၊ မော်တော်ဆိုင်ကယ်များအား နံပါတ်မှတ်တမ်းယူထားခြင်း၊ တယ်လီဖုန်း နံပါတ် မှတ်တမ်းယူခြင်းနှင့် လာရောက်သည့် နေရပ်လိပ်စာ မှတ်တမ်းထားခြင်းများအား ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်ဝန်ထမ်းများ၊ ယာဉ်ထိန်းတပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက တာဝန်ကျနေ့ရက်များတွင် စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်ခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်း သိရသည်။

 

ညောင်ဦးမြို့သို့ ကိုဗစ်-၁၉ ရောဂါ တွေ့ရှိနေသည့်မြို့မှ လာရောက်ပါက ညောင်ဦး ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီမှ စီစဉ်ထားရှိသည့် Community Base Facility Quarantine Centre များတွင် ၂၁ ရက် ဝင်ရောက်ရမည်ဖြစ်ကာ မိမိတို့အစီအစဉ်ဖြင့် ဟိုတယ်များတွင် Quarantine ဝင်ရောက်လိုပါက မိမိစရိတ်ဖြင့် ဝင်ရောက်နိုင်ကြောင်း ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီထံက သိရသည်။

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း