ညောင်ဦး ၃၀ နိုဝင်ဘာ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် စီးကန်တဲတိုက်တွင် ကျေးလက်နေပြည်သူများ သောက်သုံးရေ မှီခိုအားထား ပြုနေရသည့် အဝီစိစက်ရေတွင်းမှာ ရေပိုက်များ ပေါက်ခြင်းနှင့် တွင်းပိုင်းချွတ်ယွင်းပျက်စီးမှုကြောင့် သောက်သုံးရေ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရ၍ နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းက ပုဂံမြို့ ရတနာဘုံစံတောရဓမ္မရိပ်သာကျောင်းတိုက် ဆရာတော် ဦးသာဂရ ဦးဆောင်သော ဖြူစင်မေတ္တာနှင့် သုမင်္ဂလာ ပရဟိတရေလှူအဖွဲ့က ပျက်စီးနေသည့် အဝီစိစက်ရေတွင်းအား ကျေးရွာနေပြည်သူများ သောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်ရေး ပြန်လည်ပြုပြင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် စီးကန်တဲတိုက်တွင် အိမ်ခြေ ၆၀ ခန့်ရှိပြီး ဒေသခံကျေးလက်နေပြည်သူများမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြကြောင်း သိရကာ နှစ်စဉ်သောက်သုံးရေအတွက် အဝီစိ စက်ရေတွင်းကိုသာ မှီခိုအားထားပြု၍ သောက်သုံးနေရကြောင်း၊ အဆိုပါ အဝီစိစက်ရေတွင်းမှာ သုံးစွဲမှုကြာမြင့် လာသည့်အတွက် ရေပိုက်များ ပေါက်ခြင်းနှင့် တွင်းပိုင်းချွတ်ယွင်းပျက်စီးမှုများ ဖြစ်ပေါ်နေ၍ ဒေသခံပြည်သူများ သောက်သုံးရေ အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။
ယခုအခါ အဝီစိစက်ရေတွင်းမှာ ရေထွက်အား ပြန်လည်ကောင်းမွန်သွားပြီဖြစ်၍ ဒေသခံကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာ သုံးစွဲခွင့်ရရှိသွားပြီဖြစ်ကြောင်းနှင့် ယခု ပြုပြင်ပေးသည့် စက်ရေတွင်း အပါအဝင် ညောင်ဦးမြို့နယ်အတွင်း ပျက်စီးနေသည့် အဝီစိစက်ရေတွင်း (၆) ခုကို သောက်သုံးရေဖူလုံစေရေးအတွက် ပြုပြင်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)


