ညောင်ဦး စက်တင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် မျက်ခါးတောကျေးရွာတွင် ဒေသခံကျေးလက်နေပြည်သူများ သောက်သုံးရေ အခက်ကြုံနေကြောင်း သိရ၍ စက်တင်ဘာ ၂ ရက် နံနက်ပိုင်းက ညောင်ဦးမြို့၊ မြင့်မြတ်သူ စေတနာ သွေးလှူရှင်နှင့် လူနာတင်ယာဉ်ကူညီမှုအသင်းက ရေသယ်ယာဉ်တစ်စီးဖြင့် သောက်သုံးရေများ ဖြန့်ဝေလှူဒါန်း ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းရာတွင် ညောင်ဦးမြို့၊ မြတ်စေတနာသွေးလှူရှင်နှင့် လူနာတင်ယာဉ် ကူညီမှုအသင်းမှ ဦးအောင်ငြိမ်း ဦးဆောင်သော ပရဟိတအသင်းသားများက ညောင်ဦးမြို့နယ် မျက်ခါးတော ကျေးရွာရှိ ဒေသခံပြည်သူများ သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ရေဂါလန် ၃၀၀၀ အား အိမ်ထောင်စု၊ လူဦးရေအလိုက် စနစ်တကျ ဖြန့်ဝေလှူဒါန်းပေးရာ သောက်သုံးရေအခက်ကြုံနေချိန် လာရောက်လှူဒါန်းပေးသဖြင့် ကျေးရွာနေပြည်သူများက ဝမ်းသာပျော်ရွှင်လျက်ရှိနေကြကြောင်း အဆိုပါ ပရဟိတအသင်းမှ အဖွဲ့ဝင် ဦးအောင်ငြိမ်း ထံမှ သိရသည်။
ညောင်ဦးမြို့၊ မြတ်စေတနာသွေးလှူရှင်နှင့် လူနာတင်ယာဉ်ကူညီမှုအသင်းအနေဖြင့် ရပ်ဝေရပ်နီးမှ စေတနာ အလှူရှင်များ၏ သောက်သုံးရေလှူဒါန်းမှုဖြင့် ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေ လိုအပ်နေသော ကျေးရွာများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းများကို နေ့စဉ် ရေသယ်ယာဉ်တစ်စီးဖြင့် သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းပေးလျက်ရှိရာ ရပ်ဝေးရပ်နီးမှ သောက်သုံးရေ လှူဒါန်းလိုသူများနှင့် မြို့နယ်အတွင်းရှိ သောက်သုံးရေ အခက်ကြုံနေရသည့် အညာကျေးလက်နေပြည်သူများအနေဖြင့် ညောင်ဦးမြို့၊ မြတ်စေတနာသွေးလှူရှင်နှင့် လူနာတင်ယာဉ်ကူညီမှုအသင်းရုံး၏ ဖုန်းနံပါတ်-၀၆၁၂၄၆၀၅၀၀ သို့ ဆက်သွယ်အ ကူအညီတောင်းခံနိုင်ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)