ညောင်ဦး စက်တင်ဘာ ၈
မန္တလေးတိုင်းဒသကြီး ၊ ညောင်ဦးမြို့နယ် ဖြူစင်မေတ္တာနှင့် သုမင်္ဂလာပရဟိတ ရေလှူအဖွဲ့က ကျေးရွာနေပြည်သူများ သောက်သုံးရေ ဖူလုံစေရေးအတွက် ရည်ရွယ်၍ စက်တင်ဘာ ၈ ရက် နံနက်ပိုင်းက ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေ လိုအပ်နေသော ကျေးရွာနေပြည်သူများကို ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း အဆိုပါ ပရဟိတရေလှူအဖွဲ့မှ နာယကဆရာတော် အရှင်သာဂရထံက သိရသည်။
ထိုသို့ သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းပေးရာတွင် သောက်သုံးရေ အခက်ကြုံနေသော ညောင်ဦးမြို့နယ် ကွင်းကြီးတဲတိုက်ရှိ ဒေသခံ ပြည်သူများအတွက် ရေဂါလန် ၁၂၀၀ ၊ ကောင်းပင်စည်တဲတိုက်ရှိ ဒေသခံ ပြည်သူများအတွက် သောက်သုံးရေဂါလန် ၁၅၀၀၊ စုစုပေါင်း သောက်သုံးရေဂါလန် ၂၇၀၀ ကို ကျေးရွာနေပြည်သူများ သောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်ရန် အိမ်ထောင်စု လူဦးရေအလိုက် စနစ်တကျ ခွဲဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )