ညောင်ဦး ၃  နိုဝင်ဘာ 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ သုံးလမြေပဲခေါ် ပင်ထောင်မြေပဲ စတင်နှုတ်သိမ်းနေပြီဖြစ်ရာ မိုးရွာသွန်းမှု မညီမျှခြင်းများကြောင့် မြေပဲအထွက်နှုန်း မတူညီကြဘဲ စတင်နှုတ်သိမ်းနေကြပြီဖြစ်ကြောင်း အနောက်ပုလင်းကျေးရွာ မြေပဲစိုက်တောင်သူ ဦးသောင်းမြင့်က ပြောကြားသည်။

 

ညောင်ဦးမြို့နယ်တွင် သုံးလမြေပဲခေါ် ပင်ထောင်မြေပဲ စတင်စိုက်ပျိုးခြင်းများအား ဝါဆိုလ၊ ဝါခေါင်လ တို့တွင် စတင်စိုက်ပျိုးကြပြီး သီတင်းကျွတ်၊ တန်ဆောင်မုန်းလတို့တွင် နှုတ်သိမ်းကြကြောင်း သိရသည်။ ကျေးလက်တောင်သူများသည် မြေပဲစိုက်ပျိုးကြရာတွင် ခြောက်လမြေပဲခေါ် ပင်ပြန့်မြေပဲနှင့် သုံးလမြေပဲခေါ် ပင်ထောင်မြေပဲတို့ကိုသာ စိုက်ပျိုးကြပြီး၊ မြေပဲစိုကပျိုးချိန် မိုးရွာသွန်းမှုသုံးမိုးလောက် ကောင်းကောင်းရွာလျှင် မြေပဲရဖို့သေချာသလောက် ရှိနေပြီး၊ ရွာသွန်းသည့် မိုးပေါ်မူတည်ကာ မြေပဲအထွက်နှုန်းတွက်စ၍ရကြောင်း သိရသည်။ ညောင်ဦးမြို့နယ်တွင် မိုးရွာသွန်းမှု မတူညီဘဲ ကွက်ကြားမိုးရွာသွန်းခြင်းများကာ ရွာသည့်နေရာတောက်လျှောက် ရွာပြီး မိုးမရွာသည့် နေရာတွင် လုံးဝမရွာဘဲ ရှိနေခြင်းမျာရှိနေကာ မြေပဲခင်းများ ခြောက်သွေ့၍ မနှုတ်ရသည့် တောင်သူများလည်း များကြောင်း သိရသည်။ အချို့တောင်သူများ မြေပဲနှုတ်သိမ်းချိန် မိုးရွာနေခြင်းများကြောင့် မနှုတ်သိမ်းရဘဲ မြေပဲဥများ အညှောက်(အပင်)ထွက်ကုန်ကြကာ ပျက်စီးခြင်းများ ဖြစ်ကုန်ကြကြောင်း မြေပဲစိုက်တောင်သူ ဦးသန်းထိုက်က ရှင်းပြသည်။

 

မြေပဲစိုက်ပျိုးချိန် မြေပဲဆန်တစ်တင်း ငါးသောင်းငါးထောင်ကျပ် ပေးဝယ်စိုက်ပျိုးရပြီး၊ ထွန်စက်ငှား ထွန်ယက်ခ တစ်နာရီတစ်သောင်းခွဲကျပ်၊ နွားရှဉ်းထွန်ယက်ခ တစ်မနက် တစ်သောင်းကျပ်၊ အမျိုးသမီး လုပ်အားခ တစ်နေကုန် လေးထောင်ကျပ်၊ အမျိုးသားလုပ်အားခ တစ်နေကုန် ရှစ်ထောင်ကျပ်၊ အချို့အခင်းများ မြေပဲဆွတ်ခူးခအား တစ်တင်းဆွတ်ခူးခ ၁၂၀၀ ကျပ်ပေးရပြီး တစ်နေကုန် နှစ်တင်းမှ လေးတင်းထိ ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

 

ညောင်ဦးမြို့နယ်တွင် မိုးရွာသွန်မှု ကွက်ကြားရွာသွန်းခြင်း၊ မိုးရေချိန်နည်းပါးခြင်းများကြောင့် မြေပဲစိုက်ပျိုးတင်းရေ တူညီသော်လည်း မြေပဲရပုံခြင်း မတူညီကြဘဲ မြေပဲအထွက်နှုန်း နည်းနေကြကြောင်း မြေပဲစိုက်တောင်သူများက ရှင်းပြသည်။

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း