ညောင်ဦး ၂၄ မေ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း အစားအသောက် ဘေးကင်းလုံခြုံစိတ်ချရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မေ ၂၃ ရက် နံနက် ၁၀ နာရီက ညောင်ဦးခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစားအသောက်များ ဘေးကင်းလုံခြုံ စိတ်ချရေး စီမံကိန်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ရှေးဦးစွာ ညောင်ဦးခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဌေးနိုင် က မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းစဉ်များနှင့် စပ်လျဉ်းပြီး ဝန်ထမ်းများ လိုက်နာဆောင်ရွက်ရန်ကိစ္စရပ်များအား အသေးစိတ် ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် ခရိုင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက အစားအသောက် ဘေးကင်းလုံခြုံစိတ်ချရေး စီမံကိန်းလုပ်ငန်းနှင့် ပတ်သက်၍ ဆောင်ရွက်ရန်နည်းလမ်းများအား အကြံပြု ဆွေးနွေးခြင်းနှင့် သိရှိလိုသည်များကို မေးမြန်းရာ ခရိုင်ဦးစီးမှူးက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။
ယခု အကောင်အထည်ဖော် ဆောင်ရွက်မည့် အစားအသောက် ဘေးကင်းလုံခြုံစိတ်ချရေးစီမံကိန်း(Food Safety Pilot Project )၏ ရည်ရွယ်ချက်မှာ နိုင်ငံအတွင်း စားသုံးသူပြည်သူများအတွက် ဓာတုကင်းစင်သော အစားအသောက်များကို ရောင်းချမည့် ဈေးတစ်ဈေး ပေါ်ထွက်လာစေရန်၊ အနာဂတ်တွင် GAP,GMP,GHP တို့နှင့် ညီညွတ်သော ဈေးကွက်တစ်ခု ပေါ်ထွန်းလာရေး ပညာပေးလုပ်ငန်း အပါအဝင် အခြားအထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်လာနိုင်စေရန်၊ ဓာတုအန္တရာယ် ကင်းစင်သော လယ်ယာလုပ်ငန်းများ( Food Safety Model Farms ) ပေါ်ထွက်လာစေရေး အတွက် ပဏာမ ခြေလှမ်းအဖြစ် ဆောင်ရွက်ရန် စသည့် ရည်ရွယ်ချက်(၃)ခုဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနက ဖော်ဆောင်မည့် တစ်တိုင်း၊ တစ်ပြည်နယ်၊ တစ်မြို့နယ် စီမံချက်တစ်ခု ဗဟိုချုပ်ကိုင်မှု ဖြေလျော့ရေး စမ်းသပ်အကောင်အထည်ဖော်မှု အစီအစဉ်အရ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညောင်ဦးခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဌေးနိုင် ထံမှ သိရသည်။
အဆိုပါ အစားအသောက် ဘေးကင်းလုံခြုံစိတ်ချရေးစီမံကိန်းနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ညောင်ဦးခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဌေးနိုင်နှင့် ခရိုင်(မြေ၊ မျိုး၊ ပိုး) တာဝန်ခံများ၊ ခရိုင်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာနများမှ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)