ညောင်ဦး       ဩဂုတ်      ၂၉
    
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာနက ရပ်ဝေးရပ်နီးမှ သောက်သုံးရေအလှူရှင်များနှင့် ပူးပေါင်းပြီး ကျေးလက်နေပြည်သူများ သောက်သုံးရေ ပြတ်လပ်မှုမရှိစေရန်နှင့် သောက်သုံးရေဖူလုံစေရေးအတွက် ဩဂုတ် ၂၉ ရက် နံနက်ပိုင်းက သောက်သုံးရေအခက်ကြုံနေသည့် ညောင်ဦးမြို့နယ် တောင်ဇင်းတိုက်နယ်အတွင်းရှိ မောက်စက် ကုန်းတဲတိုက်နှင့် ကြို့ပင်သာကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး ဌာနရေသယ်ယာဉ်ဖြင့် သောက်သုံးရေ များ ဖြန့်ဝေလှူဒါန်းပေးခဲ့သည်။ 
    
အဆိုပါ သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းပေးရာတွင် ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မင်းသူ၏ ဦးဆောင်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက  တောင်ဇင်းနယ်မြေမီးသတ်စခန်းမှ တာဝန်ခံတပ်ကြပ်ကြီး သိန်းကျော် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး သောက်သုံးရေ အခက်ကြုံနေသည့် ညောင်ဦးမြို့နယ် မောက်စက်ကုန်းတဲတိုက်ရှိ ဒေသခံကျေးလက်နေပြည်သူများအတွက် သောက်သုံးရေဂါလန် ၁၆၀၀ ၊ ညောင်ဦးမြို့နယ် ကြို့ပင်သာကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းအတွက် သောက်သုံးရေဂါလန် ၁၆၀၀  ၊ စုစုပေါင်း သောက်သုံးရေဂါလန် ၃၂၀၀ အား စနစ်တကျ ခွဲဝေလှူဒါန်းပေးခဲ့ကြသည်။ 
    
ထိုသို့ ကျေးရွာနေပြည်သူများကို သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းအပြီးတွင် မီးသတ်တပ်ဖွဲ့ဝင်များက ကျေးရွာနေပြည်သူများကို တွေ့ဆုံပြီး မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ကင်းဝေးစေရန် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှက်ါ ဆင်ခြင်သတိပြုရမည့် ဆောင်ရန် ၊ ရှောင်ရန်များကို အသိပညာပေးဆွေးနွေး ဟောပြောခဲ့ကြောင်း ညောင်ဦးမြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ထံမှ သိရသည်။   

ရဲဝင်းနိုင် ( ညောင်ဦး )