ညောင်ဦး ၃၀ ဇွန်
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်သစ်တောဦးစီးဌာနမှ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်စေရန်နှင့် သစ်တောပြုန်းတီးမှုကြောင့် ကြုံတွေ့နေရသည့် ရာသီဥတုအပူဒဏ်အား ကာကွယ်နိုင်ရန်အတွက် ရည်ရွယ်ကျင်းပ ပြုလုပ်သည့် မိုးသီကာလ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၇ နာရီခွဲက ကျောက်ကူးမြစ်ရေတင် မျှော်စင်အနီး ညောင်ဦး - မြင်းခြံသွားလမ်းဘေးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်တွင် ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်က အဖွင့်အမှာစကား ပြောကြားပြီး ၊ မြို့နယ်သစ်တောဦးစီးမှူး ဦးဇော်ဇော်နိုင် က သစ်ပင်စိုက်ပျိုးခြင်းဖြင့် ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်များအား လျော့ချနိုင်မှု အခြေအနေများနှင့် တန်ဖိုးရှိသော သစ်တောသစ်ပင်များအား အပူဒဏ်ကာကွယ်နိုင်ရန် အတွက် ဝိုင်းဝန်းကာကွယ်ထိန်းသိမ်းသွားကြစေလိုကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဇော်နိုင်နှင့် ဝန်ထမ်းများက တက်ရောက်လာသူ များထံ အရိပ်ရပျိုးပင်များဖြစ်သည့် တမာပင် ၊ ယင်းမာပင်၊ ဒဟက်ပင်၊ ညောင်ပင် စသည့် စုစုပေါင်း အရိပ်ရပျိုးပင် ၁၂၃ ပင် အား လွှဲပြောင်းပေးအပ်ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ညောင်ဦးမြို့နယ်အတွင်း အပူဒဏ်ကာကွယ်နိုင်နှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် ညောင်ဦး - မြင်းခြံသွားကားလမ်း၊ လမ်းဘေး (ဝဲ၊ယာ)များတွင် တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်သို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်နှင့် မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ဇော်နိုင်နှင့် ဝန်ထမ်းများ ၊ ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးသက်နိုင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမိမြေစိမ်းလန်းစိုပြည်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ စုစုပေါင်း လူအင်အား ၇၅ ဦးခန့် တက်ရောက်ခဲ့ကြသည်။
လှိုင်ဝင်းလေး ( ပုဂံမြေ )


