ညောင်ဦး ဇန်နဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ဆေးရွက်ကြီးခေါ် ဗမာဆေးရွက်ကြီး စိုက်ပျိုးမှု သုံးပုံတစ်ပုံထိ ကျဆင်းလာပြီး အခြားသီးနှံ စိုက်ပျိုးမှု များပြားလာကြောင်း သစ်ထောင့်မြောက်ကျေးရွာ တောင်သူ ဦးအေးထွန်းထံမှ သိရသည်။
ညောင်ဦးမြို့နယ်တွင် နှစ်စဉ်နှစ်တိုင်း ဆေးရွက်ကြီးစိုက်ပျိုးချိန်တွင် ညောင်ဦး-မြင်းခြံ ကားလမ်းဘေး တစ်ဖက်တစ်ချက်စီတွင် ဆေးရွက်ကြီးခေါ် ဗမာဆေးရွက်ကြီး အများအပြားစိုက်ပျိုးခဲ့ကြရာမှ ယခုအခါ ကြက်သွန်၊ ပြောင်းဖူး၊ ကွမ်း၊ ကုလားပဲနှင့် ငှက်ပျော်သီး၊ စပျစ်သီး၊ နေကြာ၊ စိန်တစ်လုံးသရက်၊ ငရုတ် စသည့်သီးနှံများ ပြောင်းလဲစိုက်ပျိုးမှု များလာကြောင်း သစ်ထောင့်မြောက်ကျေးရွာ တောင်သူ ဦးမောင်စိုးက ပြောပြသည်။
ဗမာဆေးရွက်ကြီးကို ဝါဆို၊ ဝါခေါင်လတို့တွင်ပျိုးထောင်ကြကြောင်း၊ ပျိုးထောင်ချိန်မှ အပင် ပေါက်ချိန်ထိ နှစ်လခန့်ကြာမြင့်ကာ တော်သလင်း၊ သီတင်းကျွတ်လတို့တွင် အပင်ခွဲ စိုက်ပျိုးကြကြောင်း ဦးအေးထွန်းက ရှင်းပြသည်။ စိုက်ပျိုးရာတွင် အတန်းလိုက်စိုက်ပျိုးကြပြီး မြေဆွ၊ ပေါင်းသင်၊ ရေသွင်း မြေတောင်မြှောက်ပေးရပြီး အပင်ထွားလာချိန် အရွက်များ အသားတက်လာစေရန် ခေါင်ညွတ်ကို ချိုးနှိမ်ပေးရသည်။ အောက်ဆုံးအရွက်မှစကာ နှစ်ရက် သို့မဟုတ် သုံးရက်ခြား အရွက်များ စတင်ခူးရပြီး ခူးပြီးသည့်အရွက် အစိုတစ်ပိသာ ၄၅၀ ကျပ်၊ အစိုမရောင်းလိုလျှင် အခြောက်လှန်း ထားကြကြောင်း၊ အခြောက်လှန်းရန်အတွက် ကွင်းပြင်ကျယ်လိုအပ်ကာ ကွင်းပြင်ကျယ်တွင် ခူးထားသည့် ဆေးရွက်ကြီး အရွက်များ တစ်ရွက်ခြင်းဖြန့်ခင်းကာ အခြောက်ခံထားပေးရသည်။ အခြောက်လှန်း ထားသည့် ဆေးရွက်ကြီးများကို ဈေးကွက်ရှိချိန် ပြန်ထုတ်ရောင်းချကြကြောင်း၊ ယခင်နှစ်များက ဆေးရွက်ကြီး အခြောက် ပိဿာချိန် ၁၀၀ လျှင် လေးသိန်းကျပ်ထိ ရောင်းချရခြင်းကြောင့် စိုက်ပျိုတောင်သူများ တွက်ခြေကိုက်သော်လည်း ယခုနှစ်ပေါက်ဈေး ပိဿာချိန် ၁၀၀ လျှင်(ဆေးရွက်ကြီး အခြောက်) နှစ်သိန်းခွဲကျပ်သာ ရောင်းချရခြင်းကြောင့် လှောင်ထားသူများမှာ ကုန်ကျစရိတ် ကာမီရုံသာရှိကြောင်း ဆေးရွက်ကြီး စိုက်ပျိုးတောင်သူများက ရှင်းပြ၍သိရသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)


