ညောင်ဦး ၂၅ ဇူလိုင်     

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်း (၅) ကျောင်း ယာယီပိတ်ထားရကြောင်း ညောင်ဦးမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ 

 

ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ထောင်ကြီးကျေးရွာ(အ.မ.က)၊ ဗုဒ္ဓကုန်းကျွန်း ကျေးရွာ(အ.မ.က)၊ လက်ထုပ်ကျွန်းကျေးရွာ(အ.မ.က)၊ အုန်းနှဲချောင်းကျေးရွာ(အ.မ.က)နှင့် ရေလယ်ကျွန်းကျေးရွာ (အ.ထ.က)၊ စုစုပေါင်း အခြေခံပညာ စာသင်ကျောင်း (၅) ကျောင်းတွင် ဧရာဝတီမြစ်ရေများ ဝင်ရောက်ခဲ့မှုကြောင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ ဘေးကင်းလုံခြုံစေရန်အတွက် ယာယီပိတ်ထားရကြောင်း သိရသည်။ 

 

အဆိုပါ ယာယီပိတ်ထားသည့် ကျောင်းများကို မြစ်ရေကျဆင်းမှုအပေါ် မူတည်ပြီး ကျောင်းသားကျောင်းသူများ၏ စာသင်ချိန်နှင့် သင်ခန်းစာ နောက်မကျစေရေး ကျောင်းပိတ်ရက်များတွင် ပြန်လည်အစားထိုး သင်ကြားပေးသွားရန် စီစဉ်ဆောင်ရွက် ထားရှိကြောင်း  ညောင်ဦးမြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်ဌေး ထံမှ သိရသည်။  

 

လှိုင်ဝင်းလေး ( ပုဂံမြေ )