ညောင်ဦး ၂၂ စက်တင်ဘာ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန်နှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် စက်တင်ဘာ ၂၂ ရက် နံနက် ၇ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပြီး ညောင်ဦးမြို့၊ မဏိစည်သူဈေးအနီးတွင် စုရပ်ပြုလုပ်ကာ ဈေးရောင်းဈေးဝယ် လာသူများနှင့် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ အလေးထားလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း ညောင်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးတင်မြင့်ထံက သိရသည်။

ထိုသို့ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက်ရာသို့ ညောင်ဦးမြို့နယ် စည်ပင်သာယာရေးကော်မတီဉက္ကဋ္ဌ ဦးမြင့်ခိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်မြင့်နှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းနှင့် ဝန်ထမ်းများ၊ မဏိစည်သူဈေးမှ ဈေးအကျိုးတော်ဆောင်အဖွဲ့ဝင်များ ပူးပေါင်းပါဝင်ကာ ဈေးရောင်းဈေးဝယ်သူများ ဈေးအတွင်းမဝင်မီ ကိုယ်အပူချိန်တိုင်း ကိရိယာဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဈေးဝင်ပေါက်၊ ထွက်ပေါက်နေရာများတွင် စီစဉ်ထားရှိသော လက်ဆေးဘေစင်များတွင် စနစ်တကျ လက်ဆေးစေခြင်းများ ပြုလုပ်ဆောင်ရွက်စေပြီး နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်း၊ မြို့တွင်းဖြတ်သန်း သွားလာသော မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များအား ရပ်တန့်စေပြီး ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်း ပိုမိုများပြားလာသည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ်ရန်အချက်များကို အလေးထားလိုက်နာ ဆောင်ရွက်ကြရန်၊ အရေးကြီးကိစ္စမှအပ အပြင်သွားလာခြင်းများ ရှောင်ကြဉ်ကြရန်နှင့် အပြင်သွားလာရာ၌ နှာခေါင်းစည်းများ မဖြစ်မနေ တပ်ဆင်သွားလာကြရန်တို့ကို အသိပညာပေး ဆွေးနွေးဟောပြောပြီး နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။

ထို့နောက် တာဝန်ရှိသူများအဖွဲ့သည် ညောင်ဦးမြို့၊ မဏိစည်သူဈေးအတွင်း၊ အပြင်ရှိ ဈေးရောင်းဈေးဝယ်များ လူစုလူဝေးမဖြစ်ပွားစေရေး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များအတိုင်း စနစ်တကျ ရောင်းဝယ်ခြင်း ရှိ/မရှိ၊ သန့်ရှင်းရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ထားမှု ရှိ/မရှိ၊ အများပြည်သူ သွားလာသောလမ်းများပေါ်တွင် စည်းကမ်းမဲ့ လမ်းပိတ်ဈေးရောင်းချခြင်းများ ရှိ/မရှိတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေရေးအတွက် သတ်မှတ်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များကို အလေးထားလိုက်နာ ဆောင်ရွက်သွားကြရန် ဈေးရောင်းဈေးဝယ်သူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။  

ရဲဝင်းနိုင် (ညောင်ဦး)