ညောင်ဦး ၁၂ ဇွန်
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေး အဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် မြို့နယ်အတွင်း တောင်သူများ မွေးမြူထားရှိသည့် ကျွဲ၊ နွား တိရစ္ဆာန်များ ခွာနာလျှာနာရောဂါ ကင်းဝေးစေရန်အတွက် ကျေးရွာအရောက် ခွာနာလျှာနာရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ယခုလ ၅ ရက်နေ့မှ စတင်ကာ အဖွဲ့ (၄) ခွဲ၍ ကွင်းဆင်းထိုးနှံပေးနေကြောင်း ညောင်ဦးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဒေါက်တာ အောင်လင်း ထံမှ သိရသည်။

“ကျွန်တော်တို့ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၆၄ ရွာကို ကျွဲ၊ နွား ခွာနာလျှာနာရောဂါ ကာကွယ်ဆေးထိုးစီမံကိန်းကို ယခုလ ၅ ရက်နေ့မှ ၁၆ ရက်နေ့ အထိ စီမံကိန်းကာလသတ်မှတ်ပြီးတော့ ကျေးရွာအရောက် ကွင်းဆင်းပြီး ကာကွယ်ဆေးများ ထိုးနှံဆောင်ရွက် ပေးနေပါတယ်။ အဆိုပါ စီမံကိန်းကို မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၄ မြို့နယ်မှာ တစ်ပြိုင်နက်တည်း ဆောင်ရွက်ပေးနေတာဖြစ်ပြီး ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကိုလည်း အခမဲ့ ထိုးနှံဆောင်ရွက် ပေးတာဖြစ်ပါတယ်။ ကျွန်တော်တို့ မြို့နယ်ကို ဒီစီမံကိန်းစတင်တာကတော့ ၂၀၁၆ နှစ်ကုန်ပိုင်းက စတင်ခဲ့တာဖြစ်ပြီး ယခုအကြိမ်အနဲ့ဆိုရင် ခွာနာလျှာနာကာကွယ်ဆေးထိုးစီမံကိန်းပြုလုပ်တာ ၆ ကြိမ်မြောက် ရှိပြီဖြစ်ပါတယ်။ ယခု စီမံကိန်းဝင် ကျေးရွာ ၆၄ ရွာတွင် ကာကွယ်ဆေးထိုးနှံပြီး ကျေးရွာပေါင်း ၄၃ ရွာ ရှိ နွားအကောင်ရေ (၇၂၁၃) ကောင်ကို ခွာနာလျှာနာရောဂါ ကာကွယ်ဆေးများ အခမဲ့ထိုးနှံ ပြီးစီးသွားပြီဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးနှံပြီးတဲ့ နွားတွေကိုလည်း ထိုးနှံပြီးကြောင်း သိရအောင် တစ်ပါတည်း (Ear Tag) နားကပ်အမှတ်အသား တပ်ဆင်ခြင်းကို ပြုလုပ်ဆောင်ရွက်ပေးပါတယ်။ ဆက်လက် ပြီးတော့လည်း ကျန်ရှိတဲ့ စီမံကိန်းဝင်ကျေးရွာ ၂၁ ရွာကိုလည်း သတ်မှတ်ရက်ကာလအတွင်း အပြီးထိုးနှံပေးနိုင်ရေး ကာကွယ်ဆေးထိုးအဖွဲ့ ၄ ဖွဲ့ ဖြင့် ကွင်းဆင်းထိုးနှံပေးသွားမှာ ဖြစ်ပါတယ်” ဟု ညောင်ဦးမြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာ အောင်လင်း၏ ပြောပြချက်အရ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)