ညောင်ဦး ၃၀ ဩဂုတ် 


အစားအသောက် ဘေးကင်းစိတ်ချရေးအတွက် Food Safety ဓါတ်ခွဲခန်းကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဩဂုတ်လအတွင်း စတင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ Food Safety ဓါတ်ခွဲခန်းအဆောက်အဦး ဆောက်လုပ်ရေးအတွက် ပန္နက်တင် အခမ်းအနားကို ယနေ့ ဩဂုတ်လ ၃၀ ရက်နံနက် ၁၀ နာရီက ညောင်ဦးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးဝန်းအတွင်း၌ ကျင်းပရာ အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်စိန်၊ ညောင်ဦးခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးခင်ဇော်နှင့် တာဝန်ရှိသူများက ပန္နက်တင် ဖွင့်လှစ်ပေးခဲ့ကြသည်။


မိုးနည်းရေရှားဒေသများတွင် တစ်ခုအပါအဝင်ဖြစ်သော ညောင်ဦးမြို့နယ်တွင် ဆန်စပါးစိုက်ပျိုးသည့် လယ်လုပ်ငန်းလုပ်ကိုင်သူထက် မြေပဲ၊ နှမ်း၊ ပဲစင်းငုံစသည့် မိုးရေ အနည်းငယ်ရရှိရုံဖြင့် စိုက်ပျိုးနိုင်သည့် ယာလုပ်ငန်းလုပ်ကိုင်သူ တောင်သူဦးရေ ပိုမိုများပြားလျက်ရှိကြောင်း သိရသည်။
 

အဆိုပါ Food Safety ဓါတ်ခွဲခန်း အဆောက်အဦပြီးစီးသွားပါက ဒေသ၏ အဓိက စိုက်ပျိုး သီးနှံဖြစ်သည့် မြေပဲသီးနှံအထွက်တိုးရေး၊ ဓါတ်ကြွင်းပါဝင်မှု၊ Alflatoxin မှိုပါဝင်မှုလျှော့ချရေး လုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ညောင်ဦးမြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်နှင့် ငါ့သရောက်မြို့များအတွင်းရှိ ပြည်သူများ အရည်အသွေးမြင့် မြေပဲနှင့်မြေပဲထွက်ပစ္စည်းများ သုံးစွဲနိုင်ကြမည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးဌေးနိုင်ထံမှ သိရသည်။


ဖေလိန်း(ပုဂံ)