မယ်စဲ့၊ ၁၉ ဒီဇင်ဘာ
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဒီဇင်ဘာ ၁၈ ရက်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းပန်ဖ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအယ်လ်ဖောင်းရှို၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ကော်မတီဝင်များက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ဗိုလ်ချုပ်လမ်း ကျောက်စီရေမြောင်း ပလပ်ဖောင်း တည်ဆောက်ခြင်းလုပ်ငန်းနှင့် လွတ်လပ်ရေး ကျောက်တိုင်ကွင်း ရင်ပြင်ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ မယ်စဲ့ - ဟိုစဲ့လမ်းပေါ်ရှိ ၂၄ ပေ Box Culvert တည်ဆောက်မည့်လုပ်ငန်း၊ မြောက်ပိုင်းရပ်ကွက် ဗိုလ်တိုက်ချွန်းလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်မည့် နေရာတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတော်ဘဏ္ဍာငွေများ လေလွင့် ဆုံးရှုံးမှုမရှိစေရေး စိစစ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် ၂၀၂၁-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်စည်ပင်သာယာ နယ်နမိတ်အတွင်း မြို့သန့်ရှင်းသာယာလှပရေးနှင့် မြို့ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လျာထားတင်ပြနိုင်ရေးအတွက် မြောက်ပိုင်းရပ်ကွက် ဗိုလ်ချုပ်လမ်း ကျောက်စီရေမြောင်း ပလပ်ဖောင်း ဆောင်ရွက်မည့်နေရာ၊ မြို့တွင်းလမ်း ကတ္တရာလမ်း ပခုံးဆောင်ရွက်ရန်နှင့် AC လမ်းခင်းရန် ဆောင်ရွက်မည့် နေရာတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)