နတ်မောက် ၂၆ မေ
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနက ဦးဆောင်၍ ယမန်နေ့နံနက် ၉ နာရီခွဲက နတ်မောက် မြို့မစည်ပင်သာယာရေးဈေးအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များအား အသိပညာပေးဟောပြောခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးခြင်းကို မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး၊ ခရိုင်ဦးစီးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဌာနဆိုင်ရာများ လိုက်ပါ၍ အဖွဲ့နှစ်ဖွဲ့ခွဲပြီး နတ်မောက်မြို့မ စည်ပင်သာယာရေးဈေး အတွင်း/အပြင်ရှိ မုန့်မျိုးစုံအရောင်းဆိုင်များ၊ အလှကုန်ပစ္စည်းအရောင်းဆိုင်များနှင့် အခြားကုန်စုံဆိုင်များတွင် ၂၀၁၉ ခုနှစ် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ ပြဋ္ဌာန်းချက်များအား ထုတ်လုပ်သူ၊ တင်သွင်းသူ၊ ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်းနှင့် ပုဒ်မ(၂၀) စားသုံးသူ၏ တာဝန်များ၏ လက်ကမ်းစာစောင်ကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
လှဝင်း(နတ်မောက်)