နတ်မောက် ၂၄ ဩဂုတ်
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ပါက ပါးစပ်နှာခေါင်းစည်း Mask တပ်ဆင်သွားလာရန် ယနေ့ နံနက်ပိုင်းက နတ်မောက်မြို့ တြိဂံလမ်းဆုံတွင် အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်ခဲ့သည်။
နတ်မောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူများ မိမိနေအိမ်ပြင်ပ ထွက်ခွာပါက အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်ပြီးထွက်ရန်၊ ယခုဝယ်ယခုတပ်စနစ်ကို ဆောင်ရွက်ပြီး သတ်မှတ်စည်းကမ်းအား လိုက်နာခြင်းမရှိပါက ယခုဝယ်စနစ်ဖြင့် နှာခေါင်းစည်း (Mask) (၁)ခုကို ၂၀ဝ၀ ကျပ်ဖြင့် ဝယ်ယူတပ်ဆင်ခြင်းကို ပြုလုပ်ခဲ့ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်တမ်းများနှင့် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အရေးပေါ်တုံ့ပြန်ရေးကော်မတီတို့ ပူးပေါင်း၍ နှာခေါင်းစည်း Mask တပ်ဆင်သည့် အလေ့အထဖြစ်စေရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့သည်။
ထို့ပြင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှလည်း ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်းပေါ်ပေါက်လာမည့် အခြေအနေအား ရှောင်လွှဲနိုင်မည်ဖြစ်ပါ၍ အဓိက လိုက်နာရမည့်အချက် (၈)ချက်ကို တိတိကျကျ လိုက်နာကြပါရန် ပြည်သူများသို့ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှဝင်း (နတ်မောက်)


