နတ်မောက်    ဇူလိုင်  ၂၀

 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ဌာနဆိုင်ရာ ဝန်ထမ်းများက အိမ်ထောင်စုစာရင်း ပုံစံ (၆၆/၆)များအား ကွန်ပျူတာစာရင်း ရေးသွင်းမှု အခြေအနေများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်နှင့် တာဝန်ရှိသူများမှ ယနေ့ နံနက် ၁၀ နာရီက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်က သက်ဆိုင်ရာဌာနများမှ ကူညီအားဖြည့် ဆောင်ရွက်ပေးသည့် ဝန်ထမ်းများအား မြို့နယ်အတွင်းရှိ အိမ်ထောင်စုစာရင်းရေးသွင်းရမည့်ပုံစံများကို တိကျမှန်ကန်စွာရေးသွင်း ဆောင်ရွက်ကြရန်၊ ယခုလာမည့် ရွေးကောက်ပွဲ၌မဲစာရင်းပြုစုရာ၌ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)တစ်ခုတည်းကိုသာ အခြေခံစာရင်းအဖြစ် အသုံးပြုခြင်းမပြုလုပ်ဘဲ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးသည့် မှတ်ပုံတင်စာရင်း နိုင်-၄ ကိုပါ အခြေခံစာရင်း အဖြစ်အသုံးပြုပြီး အပြန်အလှန်စစ်ဆေးနိုင်သည့်   နည်းပညာကိုအသုံးပြု၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူကိုသာ မဲစာရင်းပြုစုရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိပါကြောင်း၊    နိုင်ငံသားများတစ်ဦးချင်း ကိုယ်ရေးအချက်အလက်များအား Computer Software ထည့်သွင်းခြင်းဖြစ်၍ ဂရုတစိုက်ဆောင်ရွက်စေလိုကြောင်းနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ဌာနဆိုင်ရာဝန်ထမ်းများ အချင်းချင်းစည်းလုံးစွာ ဆောင်ရွက်ပေးစေလိုကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။

 

လှဝင်း(မြို့နယ်ပြန်/ဆက်)