နတ်မောက် ၂၆ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ရပ်ကွက်/ကျေးရွာများတွင် ဓာတ်အားလိုင်းနှင့်ဆားဗစ်ဝါယာကြိုးများ လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ် လျှပ်စစ်မှူးဦးခင်မောင်စိုးနှင့် လျှပ်စစ်ဝန်ထမ်းများက သွားရောက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ၊ ဝင်ငွေတိုးတက်ရရှိရေးနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေးတို့အတွက် မြို့နယ်လျှပ်စစ်ဌာနမှ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ဓာတ်အားလိုင်းနှင့် ဆားဗစ် ဝါယာကြိုးစစ်ဆေးခြင်း၊ မီတာများစစ်ဆေးခြင်းတို့ကို စီမံချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဓာတ်အားလိုင်းများစစ်ဆေးပြုပြင်ခြင်း၊ သက်တမ်းကြာ၍ ဟောင်းနွမ်းဆွေးမြေ့နေသော ဝါယာကြိုးများအား စစ်ဆေးတွေ့ရှိချက်ဖြင့် အသစ်လဲလှယ်ခြင်း၊ မီတာများရပ် / ပျက် / နှေး ဖြစ်ပေါ်နေကြောင်းတွေ့ရှိလျှင် အသစ်လဲလှယ်တပ်ဆင်ခြင်းတို့အား စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။ ပြည်သူများအနေဖြင့် မြို့နယ် လျှပ်စစ်ရုံးသို့ မီးပျက်/ မီးပြင်လျှင် အကြောင်းကြားရန်နှင့် အရေးပေါ်ကိစ္စရပ်များဖြစ်လျှင် ဖုန်းဖြင့်အသိပေးဆက်သွယ်ရန်အတွက် ဆက်သွယ်ရမည့်လိပ်စာ၊ ဖုန်းနံပါတ်တို့ကိုလည်း မြို့နယ်လျှပ်စစ်ရုံးနှင့် လူအသွားအလာများသော ဈေး ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ။ မြို့နယ်ဌာနဆိုင်ရာရုံးများတွင်လည်း ကြေငြာထားရှိကြောင်း မြို့နယ်လျှပ်စစ်မှူး ဦးခင်မောင်စိုးမှ ပြောကြားပေးခဲ့ကြောင်း သိရသည်။
လှဝင်း ( နတ်မောက်)


