ရန်ကုန် ၁၄ မေ
ထိုင်းနိုင်ငံအခြေစိုက် ရေနံရှာဖွေရေးနှင့် တူးဖော်ထုတ်လုပ်ရေးကုမ္ပဏီလီမိတက် ပီတီတီအီးပီက မြန်မာနိုင်ငံတွင် လုပ်ငန်းဆောင်ရွက်ခဲ့သည့်် နှစ် ၃၀ ပြည့်အထိမ်းအမှတ်အနေဖြင့် နှုတ်ခမ်းကွဲအာခေါင်ကွဲ ဝေဒနာရှင် မြန်မာကလေးငယ် ၁၀ဝ အား ခွဲစိတ်ကုသရန်အတွက် ကမ္ဘာတစ်ဝန်းရှိ ဆင်းရဲနွမ်းပါးသော နှုတ်ခမ်းကွဲအာခေါင်ကွဲဝေဒနာရှင် ကလေးငယ်များနှင့် အရွယ်ရောက်ပြီးသူများအား အခမဲ့ ခွဲစိတ်မှုများ ဆောင်ရွက်နေသည့် Alliance for Smiles အဖွဲ့အစည်းကို အမေရိကန်ဒေါ်လာ တစ်သိန်းထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀နာရီက ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင် ပီတီတီအီးပီ မြန်မာ့စီမံကိန်းအထွေထွေမန်နေဂျာ Mr. PiyaSukhumpanumet က အဖွင့်အမှာစကား ပြောကြားပြီး Alliance for Smiles ၏ စီမံကိန်းဒါရိုက်တာMs.TinaFischlin က ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် ပီတီတီအီးပီ ၏ မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသောလူမှုအကျိုးပြု လုပ်ငန်းများနှင့် Alliance for Smiles ၏ လုပ်ဆောင်ခဲ့သည့် လုပ်ငန်းစဉ်များဗွီဒီယိုဖိုင် ကို ရှင်းလင်းပြသသည်။
ပီတီတီအီးပီ မြန်မာ့စီမံကိန်းအထွေထွေမန်နေဂျာ Mr. PiyaSukhumpanumet က“ အခုလိုပူးပေါင်းဆောင်ရွက်မှုကနေရရှိလာတဲ့ အကျိုးကျေးဇူးက ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ ရရှိစေမှာပါ။ မြန်မာကလေးငယ်တွေကို ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ယူဆောင်လာဖို့ အတွက်စစ်မှန်တဲ့ ပေါင်းစည်းမှု တစ်ခုလို့လည်း ကျွန်တော်ယုံကြည်ပါတယ်” ဟုပြောသည်။
ယင်းနောက် ပီတီတီအီးပီ မြန်မာ့စီမံကိန်းနှင့်Alliance for Smiles မှ တာဝန်ရှိ သူ များကထောက်ပံ့မှု စီမံကိန်းအတွက် နားလည်မှုစာချွန်လွှာများကို အပြန်အလှန် လက်မှတ် ရေးထိုးကြသည်။
Alliance for Smiles ၏ စီမံကိန်းအဖွဲ့ဒါရိုက်တာMs.TinaFischlin က “ ဒီနေ့ လှူဒါန်းမှု က နှုတ်ခမ်းကွဲအာခေါင်ကွဲနဲ့မွေးဖွားလာတဲ့ ကလေးတွေရဲ့ ဘဝများစွာကို ပြောင်းလဲပေးနိုင်ရုံသာမကပဲ သူတို့လေးတွေရဲ့ မိသားစု၊ ရပ်ရွာတွေနဲ့ နိုင်ငံကိုပါ အကျိုးသက်ရောက်စေမှာပါ’’ ဟုပြောသည်။
ပီတီတီအီးပီ မြန်မာ့စီမံကိန်းအနေဖြင့် ကျေးရွာများတွင် အခြေခံအဆောက်အအုံ လိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် ထောက်ပံ့ပေးခြင်းများနှင့် ဆင်းရဲချို့တဲ့သည့် ကျောင်းသား ကျောင်းသူများအားပညာသင်ဆုများ ပေးအပ်ခြင်းစသည့် အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်ဟု ယနေ့ကျင်းပသည့် အခမ်းအနားမှ သိရသည်။
သတင်း-မွန်းဦးနဒီ
ဓာတ်ပုံ-ရဲထွဋ်