ရေစကြို ၂၅ မေ
ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ဗလဗကျေးရွာနှင့် ကွေ့ထောင့်ကျေးရွာကြားရှိ နုတ်သိမ်းခါနီး နွေနှမ်းဖြူခင်းများ ဧရာဝတီမြစ်ကမ်းပါး အလျင်အမြန်ပြိုကျနေခြင်းကြောင့် နုတ်သိမ်းခါနီးစိုက်ခင်းများ မြစ်အတွင်း မြစ်ကမ်းပါးပြိုကျမှုနှင့်အတူ မျောပါဆုံးရှုံးမှုနှင့် ရင်ဆိုင်နေရကြောင်း နွေနှမ်းဖြူစိုက်ခင်းပိုင်ရှင် ဦးဇော်ဝင်းထံက သိရသည်။
အဆိုပါနွေနှမ်းဖြူနှင့် ပြောင်းဖူးစိုက်ခင်းများအား မတ်လ ၁၁ ရက်နေ့တွင် စတင်ကြဲပက် စိုက်ပျိုးကြပြီး စတင်စိုက်ပျိုးချိန်က ဧရာဝတီမြစ်ကမ်းပါး ပြိုကျနေသည့် နေရာနှင့် ပေ ၁၅၀ ကျော် ကွာဝေးနေသေးကြောင်း သိရပြီး တဖြည်းဖြည်း ဧရာဝတီမြစ်ကမ်းပါးပြိုကျလာရာ မေ ၂၅ ရက်နေ့တွင် နွေနှမ်းဖြူခင်း ဧကဝက်ခန့်အထိမြစ်ကမ်းပါးပြိုကျမှုထဲ ပါသွားခဲ့ကြောင်း စိုက်ခင်းပိုင်ရှင်များမှ ပြောပြသည်။ ရေစကြိုမြို့နယ်မြစ်ကမ်း ဘေးကျေးရွာများသည် ကျွန်းမြေအမျိုးအစား ဖြစ်ခြင်းကြောင့် စိုက်ပျိုးသည့် သီးနှံတိုင်း အောင်မြင်ဖြစ်ထွန်းကြကြောင်း မြေအောက်ရေကို အဓိကထားကာ စိုက်ပျိုးကြကြောင်း သိရသည်။
“ကျွန်တော်တို့ ပြောင်းဖူးစိုက်စိုက်၊ ဗားဂျီးနီးယားဆေးရွက်ကြီး (ကုလားဆေး) စိုက်စိုက်၊ ဈေးကောင်းရတာများတယ်။ ခုလည်းနှမ်းဈေးကွက်မှာ နွေနှမ်းဖြူတစ်တင်း ငါးသောင်းကျပ်ဈေးပေါက်နေတယ်၊ နုတ်သိမ်းဖို့က ဆယ်ရက်လောက်နေမှ နုတ်လို့ရမှာလေ ခုမြစ်ကမ်းပါးက အမြန်ပြိုကျနေတော့ ရင့်မှည့်လို့ နုတ်သိမ်းချိန်ကျန်တာ ကိုယ့်ဟာပေါ့ဗျာ။” ဟု နှမ်းစိုက်ခင်းပိုင်ရှင် ဦးဇော်ဝင်းက ပြောပြသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)