နေပြည်တော်  ၁  ဇူလိုင်   

 

နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နယ်စပ်ရေးဝန်ကြီးဌာန စုပေါင်းခန်းမတွင် ကျင်းပသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းကို ဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်မှာ ဒေသဖွံ့ဖြိုးရေးစီမံကိန်းများနှင့် ပတ်သက်၍ စစ်တမ်းကောက်ယူခြင်းမှအစ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်သည့်အဆင့်အထိ လုပ်ငန်းအဆင့်ဆင့်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်သွားနိုင်စေရန်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ရှုထောင့်မှချဉ်းကပ်ဆောင်ရွက်သွားနိုင်စေရန်၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအပြင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အစားထိုးဖွံ့ဖြိုးရေး နည်းပညာများကိုလည်း နားလည် တတ်ကျွမ်းပြီး ထိရောက်စွာ ဆောင်ရွက်သွားနိုင်စေရန်၊ ဆက်စပ်ဝန်ကြီးဌာန/အဖွဲ့အစည်းများနှင့် ဆက်သွယ် ချိတ်ဆက် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ စွမ်းဆောင်ရည်ပြည့်ဝသော ဝန်ထမ်းကောင်းများ ပေါ်ထွန်းလာနိုင်စေရန် တို့ဖြစ်ကြောင်း။

 

မိမိတို့ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် “နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုကို တစ်နိုင်ငံလုံး ရေခြားမြေခြားမရှိ၊ ပြည်နယ်ပြည်မ အကြားအလပ်မရှိတပြေးညီ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပေးရန်”ဆိုသည့် မဟာဗျူဟာကို အခြေခံ၍ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသတွင် နေထိုင်သည့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသရှိလူငယ်များ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ မူဝါဒ (၄) ရပ် ချမှတ်အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိပါကြောင်း။

 

နယ်စပ်ရေးရာဝန်ကြီးဌာန၏ အဓိက လုပ်ငန်းတာဝန်ကြီးများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံနှင့်ပြည်သူများ အတွက်အကျိုးရှိထိရောက်သည့် လုပ်ငန်းများဖြစ်စေရေး မိမိတို့ ဝန်ကြီးဌာန အနေဖြင့် နှစ်တို၊ နှစ်လတ်၊ နှစ်ရှည် စီမံကိန်းများကို နိုင်ငံတော်၏မူဝါဒ၊ နိုင်ငံတော် အကြီးအကဲများ၏ လမ်းညွှန်ချက်၊ ဝန်ကြီးဌာန၏ ရည်မှန်းချက်၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအသီးသီး၏တင်ပြချက်၊ လွှတ်တော်နှင့် ကိုယ်စားလှယ်များ၏ ကတိကဝတ်နှင့် တောင်းဆိုချက်များ၊ဒေသခံပြည်သူလူထုတို့၏ ပကတိ လိုအပ်ချက်၊ ဘဏ္ဍာရေးခွင့်ပြုဝင်ဆံ့မှုစသည့် အချက်များအပေါ် ချိန်ဆ၍နိုင်ငံတော်ရဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ Myanmar Substainable Development Plan နှင့် ချိတ်ဆက်ပြီးဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီက ဆွေးနွေးညှိနှိုင်း သုံးသပ် ဆုံးဖြတ်ပြီး နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်ဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုး တက်ရေး လုပ်ငန်းများကိုအကောင်အထည် ဖော်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း။

 

လက်ရှိခေတ်စနစ်၏ တိုးတက်ဖြစ်ထွန်းမှုသည် မြန်ဆန်ပြီး နည်းပညာပြောင်းလဲမှုများ လည်း မြင့်မားလာပါကြောင်း၊ သို့ဖြစ်၍ခေတ်စနစ်၏ တောင်းဆိုမှုအပေါ်ဝန်ထမ်းများ၏ အရည်အသွေးသည်လည်း ဟန်ချက်ညီညီ တိုးတက်ဖြစ်ထွန်းရန် မလွဲမသွေလိုအပ်လျှက်ရှိသဖြင့် တာဝန်ရှိသူများအနေဖြင့့် ရရှိသည့်အချိန်၊ ခွင့်ပြုသည့်ဘဏ္ဍာရေး အနေအထားများအပေါ်အခြေခံပြီး ဝန်ထမ်းများ၏ အရည်အသွေးမြှင့်တင်ရေးဆိုင်ရာ သင်တန်းအမျိုးမျိုးကို ဖွင့်လှစ်စီမံဆောင်ရွက် လျက်ရှိပါ ကြောင်း၊ သင်တန်းသားများအနေဖြင့် ယနေ့ဖွင့်လှစ်သည့် သင်တန်းမှ လေ့ကျင့်ဆွေးနွေး ပို့ချပေး မည့်ဘာသာရပ်၊ ပညာရပ်၊ အတွေ့အကြုံဗဟုသုတများကို စနစ်တကျ မှတ်သားလေ့လာ ပွားများပြီး အနာဂါတ်ကာလတွင် မိမိတို့ တာဝန်ယူဆောင်ရွက်မည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်း လုပ်ငန်းများကို အကျိုးရှိရှိ အောင်အောင်မြင်မြင် အကောင်အထည်ဖေါ် ဆောင်ရွက်သွားရန် မှာကြားသည်။

 

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း/အမှုထမ်းများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 

 

(သတင်းစဉ်)