နေပြည်တော်၊ အောက်တိုဘာ  ၅

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၃) ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင် အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ လုပ်ငန်းကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊  အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး ပြည်နယ်နှင့် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများက Zoom Application Online System ဖြင့် တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က မိမိတို့ လုပ်ငန်းကော်မတီ အနေဖြင့် ဆပ်ကော်မတီများနှင့် ဒေသဆိုင်ရာ လုပ်ငန်းကော်မတီများမှရေးဆွဲတင်ပြသည့် ကဏ္ဍအလိုက် လုပ်ငန်းစီမံချက်များကို စိစစ်ပြီး ဗဟိုကော်မတီသို့ တင်ပြ၍ ဗဟိုကော်မတီက အတည်ပြုပေးသည့် နှစ်တို၊ နှစ်ရှည် ပင်မစီမံကိန်းများနှင့် လတ်တလောဆောင်ရွက်ရန် ချမှတ်ပေးသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း စသည့်လုပ်ငန်းစဉ်များကို အဓိကထား ဆောင်ရွက်ရမည် ဖြစ်ကြောင်း။

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ၏ ဦးဆောင်မှုဖြင့် နယ်စပ်ဒေသရှိ လူမှုစီးပွားဘဝ အခြေခံအဆောက်အအုံများ အမြန်ဖွံ့ဖြိုး တိုးတက်စေရေး၊ နယ်စပ်ဒေသနေ တိုင်းရင်းသားလူငယ်များ ထူးချွန်ထက်မြက်ပြီး ဗလ ငါးတန်နှင့် ပြည့်စုံသော လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ပေါ်လာစေရေးနှင့် ရည်မှန်းချက်များ အောင်မြင်စေရေးအတွက် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်တိုးမြှင့်ပြီး ကော်မတီ အဆင့်ဆင့်အနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် အပြန်အလှန်နီးကပ်စွာ ပူးပေါင်း၍ ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။ 

ထို့နောက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူး နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၃) ၏ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင် အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌများနှင့် ဒေသဆိုင်ရာ လုပ်ငန်းကော်မတီ အတွင်းရေးမှူးများက နယ်စပ်ဒေသများ၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ရန် လျာထားသည့် လမ်းတံတား အဆောက်အဦကဏ္ဍ၊ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးကဏ္ဍ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သယံဇာတဆိုင်ရာ လုပ်ငန်းကဏ္ဍ၊ စွမ်းအင်နှင့် လျှပ်စစ်ဓာတ်အားဆိုင်ရာကဏ္ဍ၊ ပို့ဆောင်ဆက်သွယ်ရေးနှင့် ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးရေးကဏ္ဍ၊ သာသနာရေးနှင့် ယဉ်ကျေးမှုကဏ္ဍ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ လူမှုဝန်ထမ်းနှင့် အသက်မွေးဝမ်းကျောင်းပညာဆိုင်ရာ ကဏ္ဍနှင့် နောင်ဘဏ္ဍာနှစ်များ အလိုက် ဆောင်ရွက်ရန် လျာထားချက်များကို ရှင်းလင်းတင်ပြကြပြီး  တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေး ကြသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များနှင့် စပ်လျဉ်း၍  ညှိနှိုင်းပေါင်းစပ် ဆွေးနွေးပေးခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်