နေပြည်တော် ဧပြီ ၁၃
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်တွင် ကျရောက်သည့် မဟာသင်္ကြန် အတာရေသဘင် ပွဲတော်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန မိသားစုများအနေဖြင့် စိတ်အပန်းဖြေ ပျော်ရွှင်စွာဖြင့် ရေကစားနိုင်ရန်အတွက် နယ်စပ်ရေးရာဝန်ကြီးဌာန မြန်မာ့ရိုးရာ မဟာသင်္ကြန် အတာရေသဘင်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် ရုံးအမှတ် (၄၂) ဝန်ကြီးဌာန ရေကစားမဏ္ဍပ်၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။
အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်ဇနီး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးနှင့် ဇနီး၊ ဗိုလ်ချုပ်ဖြိုးသန့်နှင့် ဇနီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဇနီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ဝန်ကြီးဌာန ယိမ်းအဖွဲ့မှ မြူမှောင်ဝေကင်းသီချင်းဖြင့် ကပြဖျော်ဖြေ၍ ၂၀၂၂ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကိုကြိုဆိုခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝန်ထမ်းမိသားစုများနှင့်အတူ ပျော်ရွှင်စွာ ရေကစားခဲ့ကြပြီး ဝန်ထမ်းမိသားစုများ၏ အလှအပများဖြင့် ကပြသီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကာ ဂုဏ်ပြုဆုငွေများ ပေးအပ်သည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများအနေဖြင့် ဧပြီ ၁၃ အကြိုနေ့မှ စတင်၍ ဧပြီ ၁၆ အတက်နေ့အထိ ဝန်ကြီးဌာနမဏ္ဍပ်၌ အဆို၊ အကများဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါနေ့ရက်များတွင် ဝန်ကြီးရုံး၊ ဦးစီးဌာနများမှ စတုဒီသာများကို အမယ်စုံလင်စွာဖြင့် ကျွေးမွေးဧည့်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်