နေပြည်တော် ၂၆ ဇူလိုင်
နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၁၉ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အား ယနေ့နံနက် ၇ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ ဇဗ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ ချယ်ရီဝန်ထမ်းအိမ်ရာ၌ ကျင်းပ ပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့် ဇနီး ဒေါ်ခိုင်မေကြူတို့က ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင် စိုက်ပျိုးပေးခဲ့ပြီး ဒုတိယဝန်ကြီးနှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း/အမှုထမ်းများက ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ ကံ့ကော်၊ ခရေနှင့် နှစ်ရှည်သီးပင်စားပင် စုစုပေါင်းအပင် ၅၀ဝ ကို စိုက်ပျိုးခဲ့ကြသည်။ အဆိုပါ စိုက်ပျိုးသည့် အပင်များ ရာနှုန်းပြည့် ရှင်သန်ဖြစ်ထွန်းရေးအတွက် အိမ်ရာရှိ ဝန်ထမ်းများက အနီးကပ် တာဝန်ယူ ပြုစုထိန်းသိမ်းနိုင်ရေး တာဝန်ခွဲဝေပေးအပ်ခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမှုထမ်းများနေထိုင်ရာ သရဖီအိမ်ရာ (ဘူးကွဲ) နှင့် အရာထမ်း၊ အမှုထမ်းများ နေထိုင်ရာ ခရေအိမ်ရာများသို့ ရောက်ရှိခဲ့ကာ အိမ်ရာများ လုံခြုံရေး၊ ရေ၊ မီး၊ မိလ္လာပြည့်စုံ ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ထားရှိမှု၊ သန့်ရှင်းသပ်ရပ်မှု၊ ရာသီသီးနှံနှင့် နှစ်ရှည်သီးပင်စားပင်များ စိုက်ပျိုးထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုက်တာဝန်ခံများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ရုံးအမှတ် (၄၂) စိုက်ခင်း ဧရိယာအတွင်း ယခင်နှစ် မိုးရာသီအထိ စုပေါင်းစိုက်ပျိုးခဲ့သော ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ ပိတောက်၊ ကံ့ကော်၊ ခရေ၊ သပြေနှင့် ငုချယ်ရီပင်တို့၏ ရှင်သန်ဖြစ်ထွန်းမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး စိုက်ခင်းဧရိယာအတွင်းရှိ တစ်ဖက်ပိတ်ဆည်အတွင်းသို့ ယခင်နှစ်များနည်းတူ ငါးမြစ်ချင်း၊ ယိုးဒယားငါးခုံးမ သားပေါက်ကောင်ရေ (၅၀ဝဝဝ) အား ငါးမျိုးစိုက်ထည့် ခဲ့ကြကြောင်းသတင်းရရှိသည်။
(သတင်းစဉ်)


