နေပြည်တော်  ဩဂုတ် ၂၄

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္က၏ လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းခြင်းနှင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ဩဂုတ် ၂၃ ရက်နှင့် ၂၄ ရက်တို့တွင်  နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ကျင်းပပြီးစီး ခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့ ၆ လတာကာလ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းမှာကြားပြီး ဝန်ကြီးဌာနနှင့် ပတ်သက်သော ကိစ္စရပ်များကို အသေးစိတ် ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊  ညွှန်ကြားရေးမှူးချုပ် က ဦးစီးဌာန ဆိုင်ရာအချက်အလက်များကို တင်ပြပြီး ဖွံ့ဖြိုးရေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ ဗဟိုလေ့ကျင့်ကျောင်း  ကျောင်းအုပ်ကြီးနှင့် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူး များက သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ၊ တည်ဆောက်ရေးလုပ်ငန်းများ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုများ၊ မိုးရာသီသစ်ပင် စိုက်ပျိုးထားရှိမှု၊ ဝန်ထမ်းသက်သာ ချောင်ချိရေး အတွက် စိုက်ပျိုး/ မွေးမြူထားရှိမှု၊  အသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်မှု အခြေအနေ နှင့် အထွေထွေကိစ္စရပ်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီး အစည်းအဝေး ပထမနေ့ကို ညနေပိုင်းတွင် ရုတ်သိမ်းလိုက်သည်။ 

 

အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် ဆက်လက်ကျင်းပရာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဦးစီးဌာနဆိုင်ရာ အချက်အလက်များကို တင်ပြပြီး ပြည်နယ်/ တိုင်းဒေသကြီး အသီးသီးမှ ဒေသဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူး များက ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ မတ်လအထိ ၆ လ ဘဏ္ဍာရေးကာလအတွင်း နယ်စပ် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဒေသဖွံ့ဖြိုးမှုဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲလုပ်ငန်းများ၊ ရှေ့ဆက်လက် ဆောင်ရွက်သင့်သည့် လုပ်ငန်းများနှင့် ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လွှဲပြောင်းပေးအပ်ခဲ့သည့် လမ်းများနှင့်စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး နှင့် ဗိုလ်ချုပ်ဖြိုးသန့် တို့က ၆ လပတ် ကာလအတွင်း  ဆောင်ရွက်ခဲ့သည့် လုပ်ငန်း များအပေါ် အားသာချက်၊ အားနည်းချက်များနှင့် ရှေ့ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက် မည့် အစီအမံများအား ဖြည့်စွက်ရှင်းလင်း ဆွေးနွေး တင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။

(သတင်းစဉ်)