နေပြည်တော် နိုဝင်ဘာ   ၂၈

 

နယ်စပ်ရေးရာဝန်ကြီးဌာနမှ ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ကြသည့် ဝန်ထမ်းများ၏ အတွေ့အကြုံများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။

 

အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက် အတွင်းဝန်/ ညွှန်ကြားရေးမှူးများ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ဒုတိယဝန်ကြီးက ဝန်ထမ်းများအနေဖြင့် နိုင်ငံ့တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရင်း အစဉ်လေ့လာ သင်ယူနေသော လူ့ဘောင်အဖွဲ့အစည်း ဖြစ် လာစေရန်နှင့် တက်ကြွစွာ လေ့လာသင်ယူနိုင်သော ပတ်ဝန်းကျင်တစ်ခု ဖြစ်လာစေရန်ရည်ရွယ်ပြီး ယခုကဲ့သို့ အတွေ့အကြုံရှင်း လင်းပွဲများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊  ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ကြသည့် ဝန်ထမ်းများ အနေဖြင့် လေ့လာသိရှိ တတ်ကျွမ်းခဲ့ကြသည့် အတွေ့အကြုံကောင်းများကို Knowledge Sharing ပြုလုပ်ပေးခြင်းဖြင့် ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများက မိမိတို့ဆောင်ရွက်နေသည့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် လိုအပ်သလို အသုံးချ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပြည်ပနိုင်ငံများသို့ ပညာတော် သင်၊ သင်တန်း၊ လေ့လာရေးခရီးစဉ်များ၊ ဆွေးနွေးပွဲ၊ အစည်းအဝေးများသို့ ရွေးချယ်စေလွှတ်ခြင်းခံရပါက နိုင်ငံတကာနှင့် ရင်ပေါင်တန်း ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့၏ အရည်အချင်း၊ အရည်အသွေးများကို အမြဲမပြတ် မြှင့်တင်ဖြည့်တင်းထားကြရန် လိုအပ် ကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့သည် ဝန်ထမ်းများက ထိုင်းနိုင်ငံ၊ ချင်းမိုင်နှင့် ချင်းရိုင် ပြည်နယ်များသို့ ထိုင်းနိုင်ငံ၏ အစားထိုးဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် စွမ်းရည်မြှင့်တင်ရေးသင်တန်းဆိုင်ရာ ဆောင်ရွက်နေမှုအား သွားရောက်လေ့လာခဲ့မှု၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပေကျင်းမြို့တွင် ကျင်းပပြုလုပ်သည့် Seminar on Applied Chinese for Government Officials from ASEAN Countries သို့ တက်‌ရောက်ခဲ့မှု တို့နှင့်စပ်လျဉ်း၍ အတွေ့အကြုံများကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသူများနှင့် အပြန်အလှန် မေးမြန်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)