၃၀-၈-၂၀၂၀ ရက်၊ ကင်ဘာရာ
၁။ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသည့် သြစတြေးလျနိုင်ငံသို့ ရောက်ရှိနေခဲ့ကြသော မြန်မာနိုင်ငံသား (၉၀) ဦး၊ မြန်မာသင်္ဘောသား (၃၀) ဦးနှင့် နယူးဇီလန်နိုင်ငံသို့ ရောက်ရှိနေခဲ့သော မြန်မာနိုင်ငံသား (၁၆) ဦး၊ စုစုပေါင်း (၁၃၆) ဦးတို့ကို မြန်မာအမျိုးသား လေကြောင်း Myanmar National Airlines (MNA) UB-9802 ဖြင့် ၃၀-၈-၂၀၂၀ ရက် (တနင်္ဂနွေနေ့) ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှ ရန်ကုန်မြို့သို့ပြန်လည်ပို့ဆောင်ခဲ့သည်။
၂။ ပြန်လည်ထွက်ခွာသွားကြသော မြန်မာနိုင်ငံသားများ အဆင်ပြေချောမွေ့စွာ ထွက်ခွာနိုင်ရေးနှင့် လေဆိပ်၌ လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးကိစ္စရပ်များ ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် သံအမတ်ကြီး ဦးသာအောင်ညွန့်နှင့် သံရုံးဝန်ထမ်းများက လေဆိပ်သို့ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။
၃။ မြန်မာသံရုံး၊ ကင်ဘာရာမြို့မှ ယနေ့အထိ ကယ်ဆယ်ရေး လေယာဉ် စီစဉ်ဆောင်ရွက်မှုမှာ စတုတ္တအကြိမ်မြောက်ဖြစ်ပြီး မြန်မာနိုင်ငံသား စုစုပေါင်း (၄၈၁) ဦးတို့အား ချောမောအောင်မြင်စွာ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး ဖြစ်ပါသည်။ ကယ်ဆယ်ရေးလေယာဉ် စီစဉ်ဆောင်ရွက်နိုင်ရေးအတွက် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ မူဝါဒနှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနတို့၏ လမ်းညွှန်ကွပ်ကဲမှုများ၊ ဆက်စပ်ဝန်ကြီးဌာနများဖြစ်သည့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဌာနတို့၏ ပံ့ပိုးမှုများ၊ မြန်မာအမျိုးသားလေကြောင်း၊ သြစတြေးလျနိုင်ငံအာဏာပိုင်များ၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် ချောမောအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
Credit #Ministry_of_Foreign_Affairs


