ပဲခူး ဧပြီ ၁၁
ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး (၂၆၀၄)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက အဆိုပါစေတီတော်မြတ်ကြီး ရင်ပြင်တော်ရှိ ကျောက်ပန်းတောင်း ဓမ္မာရုံ၌ ကျင်းပသည်။
ဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့များ က ဩဝါဒါစရိယ ဆရာတော်ထံမှ ငါးပါးသီလနှင့် ဩဝါဒကထာနာယူကြပြီး ဆရာတော်များချီးမြှင့်သည့် ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် က ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ လျှောက်ထားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများက ဩဝါဒါစရိယ ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူ ဒါန်းကြကာ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူ ကြီးချုပ်နှင့် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးတို့က ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး (၂၆၀၄) နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး (၂၆၀၄)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ဧပြီ ၁၀ ရက်မှ ၁၉ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ပြီး ဧပြီ ၁၄ ရက်နံနက်ပိုင်းတွင် အနေကဇာတင်ခြင်းနှင့် တစ်နေ့တာ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊ တန်ခူးလပြည့် ဧပြီလ ၁၅ ရက် နံနက်ပိုင်းတွင် ဆွမ်းတော်ကြီးတင် လှူပူဇော်ခြင်းနှင့် ညနေပိုင်းတွင် ဘုရားအမှူးပြုသော သံဃာတော် အပါး(၅၀၀)ကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အများပေါင်းစု ကောင်းမှုကုသိုလ်တို့ဖြင့် ဆွမ်းဆန်စိမ်းလောင်း လှူပူဇော်ခြင်းများ ကျင်းပ သွားမည်ဖြစ်ပြီး တန်ခူးလပြည့်ကျော် ၅ ရက်၊ ဧပြီ ၂၀ ရက် နံနက်ပိုင်းတွင် ဗုဒ္ဓပူဇနိယ ပွဲတော်ပိတ်ပွဲအခမ်းအနား ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)