ပဲခူး ၂၆ ဇွန်
ပဲခူးမြို့ အထွေထွေရောဂါကု ဆေးရုံကြီး အတွင်း၌ ဇွန် ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က စတင်ပြီး ပြည်သူများ အနေဖြင့် မိမိတို့အိမ်တွင် အသုံးမလို ပိုလျှံနေသော ဆေးဝါးများ လာရောက်လှူဒါန်းနိုင်ရန်အတွက် MEDICINE BOX (ဆေးဝါးလှုဒါန်းရန်သေတ္တာ) ပထမဦးဆုံး ဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ MEDICINE BOX(ဆေးဝါးလှုဒါန်းရန်သေတ္တာ) ဖွင့်လှစ်ထားရှိရခြင်းနှင့် ပတ်သက်၍ ပဲခူးမြို့ အထွေထွေဂါကုဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်က "Food Box တွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ မြို့ကြီးအချို့မှာ ဆောင်ရွက်နေမှုအပေါ် အားနည်းချက် အားသာချက်တွေ Social Media မှာ တွေ့နေရတော့ ကျွန်တော်စဉ်းစားမိတာလေး တစ်ခု တင်ပြချင်ပါတယ်၊ ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်တို့ ပဲခူးဆေးရုံကြီးမှာ MEDICINE BOX တစ်ခု ထားချင်ပါတယ်၊ ဒေသခံပြည်သူတွေအနေနဲ့ မိမိတို့အိမ်မှာရှိတဲ့ အသုံးမလိုတော့တဲ့ ဆေးတွေကို အဲဒီ MEDICINE BOX မှာ လာရောက်ထည့်ပြီး လှူဒါန်းနိုင်ပါတယ်၊ (သက်တမ်းမကုန်တဲ့ဆေးတွေ ဖြစ်ဖို့တော့လိုပါတယ်) ဆေးရုံမှာရှိတဲ့ ဆေးဝါးနားလည် တတ်ကျွမ်းသူများက လှူဒါန်းဆေးဝါးများကို စနစ်တကျ အမျိုးအစားခွဲခြားပြီး လိုအပ်သောလူနာများကို ပြန်လည်ပေးဝေနိုင်မယ်လို့ ယူဆပါတယ်၊ (ကျွန်တော်တို့ ဆေးရုံဝန်ထမ်းတွေထဲမှာလည်း နေမကောင်းဖြစ်နေတဲ့သူတွေ ဆီးချို/သွေးတိုး/နှလုံးရောဂါရှိနေလို့ ဆေးစွဲသောက်နေရတဲ့ အငယ်တန်းဝန်ထမ်းတွေ ရှိနေပါတယ်) အချို့ဆေးများကိုတော့ ကွင်းဆင်းဆေးကုရာမှာ အသုံးပြုနိုင်မယ်လို့ ယူဆပါတယ်၊ ကျွန်တော်တို့ ဆေးရုံဝန်ထမ်း အချို့အတွက် အလုပ်တစ်ခု ပိုလာနိုင်မှာဖြစ်ပေမယ့် ပရဟိတစိတ်ရှိတဲ့ ဝန်ထမ်းတွေ ရှိနေတဲ့အတွက် လုပ်နိုင်မယ်လို့ ယူဆပါတယ်၊ ဆေးရုံဆိုတာ ဆေးဝါးအမြဲ အသုံးပြုနေရတဲ့နေရာ ဖြစ်တဲ့အတွက် လှူဒါန်းထားတဲ့ ဆေးဝါးတွေကို အကျိုးအရှိဆုံး အသုံးပြုနိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်၊ ကျွန်တော်ကတော့ စမ်းကြည့်ချင်ပါတယ်၊ မိတ်ဆွေများ အနေနဲ့ အားသာချက်/အားနည်းချက်များ၊ အခြားစဉ်းစားမိတာများ ရှိပါကလည်း အကြံပြုပေးဖို့ မေတ္တာရပ်ခံထားကြောင်း ပြောကြားသည်။
MEDICINE BOX ထားရခြင်းသည် ဆေးဝါးလိုအပ်သော လူနာများအတွက် ရည်မှန်းပြီး အလှူရှင်များမှ မိမိတို့ရဲ့ ပိုလျှံဆေးဝါးများအပါအဝင် ဆေးဝါးပစ္စည်းများကို MEDICINE BOX တွင် တိုက်ရိုက်လှူဒါန်းရန်ဖြစ်ပြီး အဆိုပါ ဆေးဝါးများကို လူနာများ အနေဖြင့် MEDICINE BOX မှ တိုက်ရိုက် ယူဆောင်သုံးစွဲလို့မရဘဲ MEDICINE BOX တွင် လှူးဒါန်းထားသော ဆေးဝါးပစ္စည်းများကို ဆေးရုံမှတာဝန်ရှိသူများနှင့် ပရဟိတအဖွဲ့ဝင် အချို့ပါဝင်သော ဆေးဝါးကျွမ်းကျင်သူများမှ စနစ်တကျ စိစစ်၍ စာရင်းဇယားဖြင့် လိုအပ်နေသူများထံ သက်ဆိုင်ရာ ဆရာဝန် သူနာပြုကြီး များမှတစ်ဆင့် ပြန်လည်ပေးအပ် သွားမှာဖြစ်သည့်အပြင် အခမဲ့ဆေးခန်းများတွင် သုံးသင့်သော ဆေးဝါးများရှိပါကလည်း ဆက်သွယ်ပေးအပ်မှာဖြစ်သည်။ သက်တမ်းလွန် ဆေးဝါးများ၊ သုံးစွဲရန် မသင့်သော ဆေးဝါးပစ္စည်းများကိုလည်း စနစ်တကျ စွန့်ပစ် ဖျက်ဆီး သွားမှာဖြစ်ကြောင်း သိရသည်။
ပြည်သူများမှလည်း စတင်ဖွင့်လှစ်သည့် နေ့မှစတင်ပြီး စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် အဆက်မပြတ် လာရောက်ကြပြီး လာရောက်လှူဒါန်းသော ဆေးဝါးများကို ဆေးရုံကြီးမှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်းများဖြင့် အမျိုးအစားခွဲခြားပြီး အသုံးပြုရန် သင့်တော်မည့် ဆေးဝါးများကို ရောဂါကုသရန် ပြန်လည်အသုံးပြုခြင်း၊ ပရဟိတ ဆေးခန်းများသို့ ပြန်လည်လှုဒါန်းခြင်းများပြုလုပ်ရန် ရည်ရွယ်ထားရှိပြီး အလှုခံရရှိသေ ာဆေးများထဲမှ သုံးစွဲရန်မသင့်သော ဆေးများကိုလည်း စနစ်တကျဖျက်ဆီးပြစ်ရန် စီစဉ်ထားကြောင်း သိရသည်။
တင်စိုး(ပဲခူး)


