ပဲခူး ၁၄ မေ 


ပဲခူးမြို့ သန္တိသုခဗုဒ္ဓဝေယျာဝစ္စနှင့် သာသနာပြု အသင်းကြီးမှ ဦးစီးကျင်းပသော ၂၀၁၉ ခုနှစ် သုတစုံလင် ဉာဏ်ကြီးရှင် ပြိုင်ပွဲကြီးကို ပဲခူးမြို့မြို့တော်ခန်းမ၌ ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။ 


ထို့နောက် ဆရာတော်များအား လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့်အစိုးရအဖွဲ့ဝန်ကြီးများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြပြီးနောက် အမှတ်(၃)နှင့်  မြို့တွင်းအနောက်(ခ)အလက(ခွဲ)ကျောင်းမှ သမီးငယ်လေးများက  ဖျော်ဖြေကြပြီးနောက် ပထမအသုတ် အနေဖြင့် ကျောင်းသားကျောင်းသူ အယောက်(၂၀)က ပြိုင်ပွဲဝင်ကြသည်။


အဆိုပါပြိုင်ပွဲကြီးကို ဘာသာရပ်(၅)မျိုးဖြစ်သော ဗုဒ္ဓဘာသာဆိုင်ရာ အသိပညာများ၊ စာရိတ္တနှင့်ပြည်သူ့ နီတိ၊ အထွေထွေဗဟုသုတများ၊ ငြိမ်းချမ်းရေး၊ English 4 skills တို့ ဖြေကြားရမည်ဖြစ်ပြီး မေလ(၁၄)ရက်နေ့မှ (၁၇)ရက်နေ့ထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


ဆုကြေးများအနေဖြင့် ပထမဆု ကျပ်(၁၀)သိန်း ၊ဒုတိယဆု ကျပ်(၇)သိန်း၊တတိယဆ ကျပ်(၅)သိန်း၊ Talentဆု ကျပ်(၂)သိန်း၊ နှစ်သိမ့်ဆုကျပ်(၁)သိန်း (၇)ဆုတို့ အသီးသီးချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီး သုတစုံလင် ဉာဏ်ကြီးရှင်ပြိုင်ပွဲကို ပဲခူးမြို့တွင် ဒုတိယအကြိမ်မြောက် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ ယနေ့ ပထမအသုတ် ဖြေဆိုသော အယောက်(၂၀) တွင် ၂ ဦး လာရောက်ဖြေဆိုနိုင်ခြင်း မရှိကြောင်း သိရသည်။


သုတစုံလင် ညဏ်ကြီးရှင် ပြိုင်ပွဲကြီးကို ကလေးငယ်များ ပညာရည်ပြည့်ဝစေရန်နှင့် လိမ္မာရေးခြား ရှိစေရန်၊ နိုင်ငံတကာသုံး အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုမှတစ်ဆင့် အခြားပညာရပ်များအား လွယ်လင့်တကူ လေ့လာဆည်းပူးနိုင်စေရန်၊ အနာဂတ်တွင် စည်းကမ်းပြည့်ဝသော နိုင်ငံ့သားကောင်းရတနာများ ဖြစ်လာစေရန်၊ ငြိမ်းချမ်းရေး၏ အခြေခံသဘောတရားများကို သိရှိနားလည်ပြီး ငြိမ်းချမ်းရေးကို အလေးထား တန်ဖိုးထား ဖော်ဆောင်တတ်သူများ ဖြစ်လာစေရန်၊ ဗဟုသုတပြည့်စုံပြီး တွေးခေါ်မျှော်မြင်တတ်သော အနာဂတ် တိုင်းပြည်အကျိုးပြု နိုင်ငံ့သားကောင်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။


ဟိန်းထက်(ပဲခူး)