ပဲခူး၁၇ မေ 

 

ပဲခူးမြို့ရှိ အဖွဲ့ပေါင်းစုံ ပါဝင်သော လေ့လာရေးအဖွဲ့သည် ယနေ့နံနက် ၇ နာရီက အမျိုးသားပြတိုက် (နေပြည်တော်) တွင် ခင်းကျင်းပြသထားသော မြန်မာ့ရှေးဟောင်း ရွှေထည်ပစ္စည်းများ အထူးပြပွဲသို့  သွားရောက်လေ့လာကြသည်။

 

"ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တန်ဖိုးတွေကို နားလည်လာစေရန်၊ မြတ်နိုးကာကွယ်ထိန်းသိမ်းနိုင်စေရန်နှင့် ပြခန်းတွင်ပုံမှန်ပြသထားသော ပစ္စည်းများ၊ ယခုအထူးပြသထားသည့် ရွှေထည်ပစ္စည်းများကို မြင်တွေ့ရသည့်အခါ ရှေးခေတ်ဘိုးဘွားများ၏ အနုပညာတတ်ကျွမ်းမှု၊ နိုင်ငံ၏ချမ်းသာကြွယ်မှု၊ သမိုင်းကြောင်းနှင့် မနုဿဗေဒများ မည်မျှကြီးမားကြောင်းကို လေ့လာသိရှိနိုင်စေရန်အတွက် ရပ်မိရပ်ဖများနှင့် ပူးပေါင်းကာ ပထမဦးဆုံးအကြိမ် စုပေါင်းသွားရောက်ခြင်းဖြစ်ကြောင်း" ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန(ပဲခူးဌာနခွဲ)ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းက ပြောကြားသည်။

 

အဆိုပါ လေ့လာရေးအစီအစဉ်အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံခန့်ခွဲလမ်းညွှန်မှု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပဲခူးဌာနခွဲ)နှင့် ရပ်မိရပ်ဖများ၏ ပံ့ပိုးကူညီမှုဖြင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ ပရဟိတအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ပအိုဝ့်၊ ရှမ်း၊ ကရင်၊ မွန်တိုင်းရင်းသားကိုယ်စားလှယ်များ စုစုပေါင်းအင်အား(၉၀)ဦးတို့ပါဝင်ပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပဲခူးဌာနခွဲ) ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးနီလာ ဦးဆောင်ပြီး မော်တော်ယာဉ်များဖြင့် ပဲခူးမြို့မှထွက်ခွာကာ နေပြည်တော်သို့ နေ့ချင်းပြန် သွားရောက်လေ့လာခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

 

ဟိန်းထက်(ပဲခူး)