ပဲခူး ၂၉ ဩဂုတ်
ပဲခူးမြို့ရှိ ဆုတောင်းပြည့် ရွှေမော်ဓော်စေတီတော်မြတ်ကြီးအား ဩဝါဒါစရိယ ဆရာတော်ကြီးများ၏ ဩဝါဒကိုခံယူပြီး ၂၀၂၀ ပြည့်နှစ် ဩဂုတ်လမှ ၂၀၂၁ ခုနှစ် မတ်လကုန်အထိ ဆဌမအကြိမ်မြောက် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်ခြင်း လုပ်ငန်းဆောင်ရွက်သွားရန် သတ်မှတ်လျာထားကြောင်း သိရသည်။
ရွှေမော်ဓော စေတီတော်မြတ်ကြီးအား စတင်တည်ထား ကိုးကွယ်ခဲ့သည့် မဟာသက္ကရာဇ်(၁၀၉)ခုနှစ်မှ စတင်ရေတွက်သော် ယခုအချိန်တွင် သက်တမ်း ၂၆၀၀ ကျော်နေပြီဖြစ်ပြီး သမိုင်းစဉ်တလျှောက် မင်းနှင့်ပြည်သူတို့ ယနေ့ထိတိုင် စဉ်ဆက်မပြတ် ထိန်းသိမ်းပြုပြင်ခဲ့သည်မှာ မြန်မာတို့၏အမျိုးသား ယဉ်ကျေးမှုအမွေအနှစ်များကို ချစ်ခင်မြတ်နိုးသည့်စိတ်၊ ဘာသာသနာကို ထိန်းသိမ်းစောင့်ရှောက်သော ပင်ကိုအသိစိတ်တို့ကြောင့်ပင်ဖြစ်ပေသည်။
သမိုင်းဝင်ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးသည် သက်တမ်းရှည်ကြာလာပြီဖြစ်ရာ မျက်မှောက်ခေတ်တွင် အစဉ်အမြဲ ရွှေရောင်ဝင်း၍ သစ်လွင်တောက်ပပြီး ဘုရားဖူးပြည်သူများ စိတ်ချမ်းမြေ့ကြည်လင်စွာဖြင့် ကြည်ညိုသဒ္ဒါပွားနိုင်စေရန်အတွက် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူခြင်းကို ၁၈၉၈ ခုနှစ်တွင် ပထမအကြိမ်၊ ၁၉၉၄ ခုနှစ်တွင် ဒုတိယအကြိမ်၊ ၂၀၀၄ ခုနှစ်တွင် တတိယအကြိမ်၊၂၀၁၀ ခုနှစ်တွင် စတုတ္ထအကြိမ်၊ ၂၀၁၅ ခုနှစ်တွင် ပဉ္စမအကြိမ်ဟူ၍ (၅)ကြိမ်အထိ ရွှေသင်္ကန်းကပ်လှူ ပူဇော်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ရွှေမော်ဓော စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့အနေဖြင့် ယေဘူယျအားဖြင့် အကြောင်း အမျိုးမျိုးကြောင့် မဆောင်ရွက်နိုင်ခဲ့သည်မှအပ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်းကို (၅)နှစ် တစ်ကြိမ် ဆောင်ရွက်ရန် သတ်မှတ်ထားရှိပြီး ယခု ၂၀၂၀ ပြည့်နှစ်၌ (၅)နှစ်ပြည့်ပြီ ဖြစ်သောကြောင့် ဆဌမအကြိမ်လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရန် စနစ်တကျ စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ဆဌမအကြိမ်လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူရာတွင် ငြမ်းဆင်ခြင်းနှင့် ရွှေဆိုင်းများကို တင်ဒါစနစ်ခေါ်ယူခြင်းအား ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ လည်းကောင်း၊ ငြမ်းထိုး/ငြမ်းဆင် လုပ်ငန်းစတင်ခြင်းကို စက်တင်ဘာ ၁ ရက်နေ့မှ အောက်တိုဘာ ၃၁ ရက်နေ့အထိ လည်းကောင်း၊ စေတီတော်မှ ရွှေဟောင်း(မိုက်ထုတ်) လုပ်ငန်းနှင့် အထွေထွေပြုပြင်ရေးကို နိုဝင်ဘာ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ လည်းကောင်း၊ ရွှေသင်္ကန်းနှင့် ရွှေစင်ရွှေသား ကပ်လှူရေးလုပ်ငန်းကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်နေ့မှ ၂၀၂၁ ပြည့်နှစ် ဇန်နဝါရီ ၃၁ ရက်နေ့အထိလည်းကောင်း၊ အရံကာလအဖြစ်၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ လည်းကောင်း၊ ငြမ်းဖျက်သိမ်းခြင်း လုပ်ငန်းကို ၂၀၂၁ ခုနှစ်မတ် ၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ လည်းကောင်း လျာထားသတ်မှတ်ထားရှိကြောင်း သိရသည်။
ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်ရာတွင် (၂"×၂") ရွှေဆိုင်းကြီး (၂၇၉၄၇)ဆိုင်းခန့် ကုန်ကျမည်ဖြစ်ပြီး ထီးတော်ဘုံ(၅)ဆင့်တွင် ရွှေဆိုင်းကြီး (၁၀၀)ဆိုင်းခန့်၊ ငှက်ပျောဖူးတော်တွင်(၁၃၈၄)ဆိုင်းခန့်၊ ကြာမှောက်၊ ကြာလှန်ရွဲနှင့် ဖေါင်းတို့တွင် (၆၈၆၃) ဆိုင်းခန့်၊ ပန်းဆွဲ(သပိတ်မှောက်)တွင် (၆၂၁၂)ဆိုင်းခန့်၊ ခါးတော်ပတ်တွင်(၁၆၃၇)ဆိုင်းခန့်၊ ခေါင်းလောင်းတော်တွင် (၆၃၅၈)ဆိုင်းခန့်၊ ဂေါ့တွင်(၁၄၀၉)ဆိုင်းခန့်၊ ကြေးဝန်း(၅)ဝန်းတွင် (၃၉၅၇)ဆိုင်းခန့်၊ ငြမ်းပေါက်ဖာ(၂၇)ဆိုင်း စုစုပေါင်း ရွှေဆိုင်းကြီး(၂၇၉၄၇)ဆိုင်းခန့် ဆက်ကပ်လှူဒါန်း ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေမော်ဓော စေတီတော်မြတ်ကြီး ဆဌမအကြိမ်လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူ ပူဇော်ရာတွင် ဆောင်ရွက်သွားမည့် အဓိကလုပ်ငန်းအနေဖြင့် ကုသိုလ်ရှင်၊ စေတနာရှင်များ၏ လှူဒါန်းငွေဖြင့် ငှက်ပျောဖူးတော်အား ရွှေစင်ရွှေပြားများကပ်လှူခြင်း၊ ထီးတော်အောက်ခြေနှင့် ငှက်ပျောဖူးတော်၏ ရွှေစင်ရွှေပြားကပ်လှူပြီး ကျန်ရှိသောဧရိယာများမှ ကျည်းဝန်း(၅)ဝန်းအထိ မျက်ပါး ရွှေသင်္ကန်း ကပ်လှူခြင်း၊ စေတီတော်ကြီး၏ ပန်းတင်ခုံ ၂ ဆင့်ရှိ အရန်စေတီ(၁၂၁)ဆူအား ရွှေသင်္ကန်း ကပ်လှူခြင်း၊ စိန်ဖူးတော်အားစစ်ဆေးခြင်း၊ ဖန်ပေါင်းချောင်အား အသေးစိတ် စစ်ဆေးခြင်း၊ ငှက်မြတ်နားတော်တွင် ချိတ်ဆွဲထားသော ရွှေခေါင်းလောင်းများနှင့် ရတနာပစ္စည်းများ တည်ရှိမှုအနေအထားအား စစ်ဆေး၍ လိုအပ်သောပြုပြင်ခြင်းများ ဆောင်ရွက်ခြင်း၊ ထီးတော်နှင့် ဒေါက်တိုင်များ၊ ခေါင်းလောင်းများအား စစ်ဆေးမွမ်းမံပြင်ဆင်ခြင်း၊ ရာသီဥတုဒဏ်ကြောင့် ပျက်စီးနေသော ရွှေစင်ရွှေပြားများကို အစားထိုး ကပ်လှူခြင်းများ စသည့်တို့ကိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖြစ်သည့်အပြင် COVID-19 ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် COVID-19 ကာကွယ် ထိန်းချုပ် ကုသရေးညွှန်ကြားချက်များနှင့် အညီ ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဂေါပကအဖွဲ့မှ ဦးဆောင်ကာ လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်ရာတွင် အလှူရှင်များအနေဖြင့် ကုသိုလ်ပါဝင်လှူဒါန်းနိုင်ရန် နှိုးဆော်ထားရှိကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


