ရန်ကုန် ၂ ဇွန်
တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ ဗုဒ္ဓစွယ်တော်တိုက်တွင် သုံးရက်တာ ရင်ငွေ့ခိုလှုံ့ကာ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ဝမ်းဘဲအင်းကျေးရွာ လေးဆူဓာတ်ပျော်မြတ်စွယ်တော်စေတီတော် မြတ်ကြီးတွင် တည်ထားကိုးကွယ်မည့် လက်ဝဲအထက်စွယ်တော်ပွားသည် ယနေ့မွန်းလွဲပိုင်းတွင် ရွှေတိဂုံစေတီတော်၊ ဆူးလေစေတီတော်နှင့် ယုဇနဥယျာဉ်မြို့တော်ရှိ ကြံတိုင်းအောင်စေတီတော်တစ်လျှောက် လှည့်လည်အပူဇော်ခံသည်။
အဆိုပါ လက်ဝဲအထက်စွယ်တော်ပွားကို ဒဂုံမြို့သစ်တောင်ပိုင်း၊ ရွာသာကြီး (၁၄၀)ရပ်ကွက်ရှိ မေတ္တာမဏ္ဍိုင်သာသနာပြုကျောင်းတိုက်တွင် တစ်ညတာ ကိန်းဝပ် အပူဇော်ခံမည်ဖြစ်သည်။
ဇွန် (၃)ရက်တွင် ဒဂုံမြို့သစ်တောင်ပိုင်း၊ ရွာသာကြီး (၁၄၀) ရပ်ကွက်ရှိမေတ္တာ ဏ္ဍိုင်သာသနာပြုကျောင်းတိုက်မှတစ်ဆင့် အမှတ်(၂)လမ်းမကြီး၊ ဇရပ်ကွင်း၊ ထို့နောက် ရန်ကုန်-မန္တလေးလမ်းဟောင်း တစ်လျှောက် လှည့်လည်အပူဇော်ခံကာ ထိုမှတစ်ဆင့်ပဲခူးမြို့ ဝမ်းဘဲအင်းကျေးရွာ လေးဆူဓါတ်ပျော်မြတ် စွယ်တော်စေတီတော်မြတ်တွင် ထားရှိအပူဇော်ခံမည် ဖြစ်သည်။
ပဲခူးမြို့နယ် ဝမ်းဘဲအင်းကျေးရွာ လေးဆူဓါတ်ပျော်မြတ်စွယ်တော်စေတီတော်မြတ်ကြီးကို ပဲခူးတိုင်းဒေသကြီးအနောက် ပြည်မြို့ရွှေပေါက်ပင်တောရကျောင်းတိုက် ပဓာန နာယက မေတ္တာဝါဒီဆရာတော် သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တသောမာစာရ ၏ မိဘဘိုးဘွားတို့ ဦးခေါင်းချရာမြေမြတ်မဟာတွင် မိဘတို့အား ကျေးဇူးဆပ်သောအနေဖြင့် ဆရာတော်နှင့်တပည့် ဒါယိကာ၊ ဒါယိကာမတို့ စုပေါင်းလှုဒါန်းမှုဖြင့် တည်ထားပူဇော်ကြောင်း သိရသည်။
(ရတီ)