ပဲခူး ဩဂုတ် ၂၇

 

ပဲခူးမြို့၌ ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း (၁ /၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ဩဂုတ် ၂၆ ရက်က ပဲခူးခရိုင် မီးသတ်ဦးစီးဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမျိုးဝင်းက ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းကို အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ယခုသင်တန်းကို မျက်မှောက်ခေတ်ကာလမှာ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု ဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံမှာ သာမက ကမ္ဘာ့နိုင်ငံအသီးသီးမှာပါ ငလျင်ဘေးအန္တရာယ်အပါအဝင် သဘာဝဘေးအန္တရာယ်များ မကြာခဏ ဖြစ်ပေါ်ကြုံတွေ့နေရသည့်အတွက် ဘေးအန္တရာယ်ကို မီးသတ်တပ်ဖွဲ့ဝင်တွေနှင့်အတူ ပရဟိတလူမှုရေးအသင်းအဖွဲ့အစည်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များကို ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုတိုးတက်မြင့်မားလာ စေရန်နှင့် နိုင်ငံတကာမှာအသုံးပြုနေတဲ့ ခေတ်မီအဆင့်မြင့် ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာတွေကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် စနစ်တကျ ကိုင်တွယ်ထိန်းသိမ်း အသုံးပြုတတ် စေရန်နဲ့ အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေး နည်းစနစ်များကို လက်တွေ့လေ့ကျင့် သင်ကြားပေး ခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်းသားများဟာ မိမိတို့မြို့နယ်‌များကို ပြန်လည်ရောက်ရှိတဲ့အခါ တစ်ဦး တစ်ယောက်ချင်းစီတိုင်းက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ပရဟိတစိတ်ကိုအရင်းခံပြီး အဖွဲ့အစည်းစိတ်ဓာတ်ဖြင့် မိမိတို့ကျရာ အခန်းကဏ္ဍက‌နေ မိမိတို့ရဲ့ ရည်မှန်းချက်တာဝန်များနဲ့ လုပ်ငန်းတာဝန်များကို ဦးလည်မသုန် ကြိုးပမ်းဆောင်ရွက် သွားကြရန် ပြောကြားခဲ့သည်။

 

သင်တန်းဆင်းပွဲသို့ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးဝင်းနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ လူမှုကူညီရေး ပရဟိတအသင်းအဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် သင်တန်းသား (၃၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ခရိုင်၊ ပြန်/ဆက်)