ပဲခူး ဇူလိုင် ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းဘေး၌ ဇူလိုင် ၂၃ ရက် နံနက်ပိုင်းက သစ်တောသစ်ပင်များ စိမ်းလန်းစိုပြည်စေရေး၊ လမ်းဘေး ဝဲယာတွင် အရိပ်ရ သစ်ပင်များ ရှင်သန်ဖြစ်ထွန်းစေရေး၊ သစ်ပင်သစ်တောတန်ဖိုးကို နားလည် ချစ်မြတ်နိုးသည့်စိတ်ဓာတ် ဖော်ဆောင်နိုင်ရေးတို့အတွက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဘုရားကြီးမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးလွင်ဖြိုးအောင်က ပဲခူးမြို့ နယ်မြေ ရဲတပ်ဖွဲ့စခန်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ ပျိုးပင်များအား ဖြန့်ဝေပေးအပ်သည်။
ထို့နောက် ဘုရားကြီးမြို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်း၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ ပဲခူးမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီးနှင့် သစ်တော အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများနှင့် ပြည်သူများက သက်တမ်း နှစ်နှစ်နှင့်အထက်ရှိ စိန်ပန်းနီပျိုးပင် ၁၁၅ ပင်၊ ငုရွှေဝါပျိုးပင် ၁၁၅ ပင် စုစုပေါင်း အရိပ်ရပျိုးပင် ၂၃၀ အား စိုက်ပျိုးခဲ့ကြပြီး မြို့အုပ်ချုပ်ရေးမှူး ဦးလွင်ဖြိုးအောင် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှုအားပေး ခဲ့ကြကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)