ပဲခူး ဇန်နဝါရီ ၁၁

 

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်ဒေသများ၌ ၂၀၂၁−၂၀၂၂ ခြောက်လဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေတို့ဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို တာဝန်ရှိသူများမှ ဇန်နဝါရီ ၉ ရက်က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

 

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်၊ ပဲခူးတိုင်းကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး  ဦးမျိုးအောင်နှင့် ဝန်ထမ်းများသည် ပဲခူးမြို့နယ်အတွင်းရှိ အေးရွာကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ် ၁၀ သန်း၊ ပြည်သူထည့်ဝင် ကျပ် ၁၂ သန်း စုစုပေါင်းငွေကျပ် ၂၂ သန်းဖြင့် ဆောင်ရွက်သော လမ်းအရှည်ပေ ၁၅၁၀၊ အကျယ် ၈ ပေ၊ အမြင့် ၈ လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှုအားလည်းကောင်း၊ ကိုင်းတာကြီးကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေကျပ် ၁၀ သန်း၊ ပြည်သူထည့်ဝင်ငွေကျပ် ၁ သန်း၊ စုစုပေါင်း ၁၁ သန်းဖြင့် ဆောင်ရွက်သည့် လမ်းအရှည်ပေ ၂၁၉၀၊ အကျယ် ၁၀ ပေ၊ အမြင့် ၈ လက်မရှိ ဂဝံမြေနီခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။

 

ဆက်လက်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်သည် ရပ်မိရပ်ဖများ၊ ကျေးရွာကော်မတီဝင်များနှင့် တွေ့ဆုံကာ လုပ်ငန်းများ ရေရှည်အသုံးပြုနိုင်ရေး ကျေးရွာပြည်သူ လူထုအနေဖြင့် ထိန်းသိမ်းစောင့်ရှောက်ကြရန် မှာကြားခဲ့သည်။

 

သုတ(ကျေးလက်)