ပဲခူး ၂၃ ဇွန်

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးပြီး ယနေ့ နံနက်(၆)နာရီက ကမ္ဘာ့အိုလံပစ်နေ့အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး တာဝေးအပြေးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

 

2716

 

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်က တာဝေးအပြေးပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပြိုင်ပွဲစည်ကမ်းများအား ရှင်းလင်းပြောကြားပြီး တာလွှတ်ပေးကာ အမျိုးသား တာဝေးအပြေး အားကစားသမားများက ပဲခူးတက္ကသိုလ်ရှေ့မှ စတင်၍ လည်းကောင်း၊ အမျိုးသမီး တာဝေးအားကစားသမားများ က ချင်စုအထပ်သားစက်ရုံ လမ်းထိပ်မှ စတင်၍ လည်းကောင်း၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနရုံးရှေ့အထိ အမျိုးသား(၆)မိုင်၊ အမျိုးသမီး(၄)မိုင်တာဝေးအပြေးပြိုင်ကြသည်။

 

2206

 

အဆိုပါပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီး(အရှေ့)အတွင်းရှိ မြို့နယ်များမှ အမျိုးသား တာဝေးအပြေးသမားဦးရေ ၂၀၀၊ အမျိုးသမီးတာဝေးအပြေးသမားဦးရေ ၁၀၀  စုစုပေါင်း ၃၀၀ ဝင်ရောက် ယှဉ်ပြိုင်ကြသည်။

ထို့နောက် ဆုချီးမြှင့်ခြင်း ကျင်းပပြုလုပ်ရာ အမျိုးသား၊ အမျိုးသမီး စတုတ္ထမှ ဒဿမအထိ ရရှိသော အားကစားသမားများအား ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီး အားကစားဆပ်ကော်မတီမှ တာဝန်ရှိသူများက ငွေသားဆုများပေးအပ်ပြီး အမျိုးသမီးပထမဆု ရရှိသော မသဲသဲခိုင်(သနပ်ပင်)၊ ဒုတိယဆုရှင် မနွေးသီရိနိုင်(ဖြူး)၊ တတိယဆုရှင် မနှင်းယမုံဝေ(ဖြူး)တို့အား ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ်ဦးအုန်းမြင့်ကလည်းကောင်း၊ အမျိုးသားပထမရရှိသော မောင်ပြည့်စုံနေ(ပဲခူး)၊ ဒုတိယမောင်တင်မောင်လတ်(ပဲခူး)၊ တတိယစောပြည့်စုံထော(ပဲခူး)တို့အား လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင် ကလည်းကောင်း ငွေသားဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ထူးချွန်ထက်မြက်သည့် အားကစားသမားများ ပေါ်ထွန်းလာစေရေးနှင့် မျိုးဆက်သစ် အားကစားသမားများ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေးအတွက် ကမ္ဘာ့အိုလံပစ်နေ့ အထိမ်းအမှတ်အနေဖြင့် ပဲခူးတက္ကသိုလ်ရှေ့မှ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနရုံးရှေ့အထိ အမျိုးသား၊ အမျိုးသမီး တာဝေးအပြေးပြိုင်ပွဲ ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

တင်စိုး(ပဲခူး)