ရေတာရှည်   ၃  စက်တင်ဘာ  

 

ပဲခူးရိုးမတောကြီးနှင့် ထိစပ်လျက်ရှိသော ရေတာရှည်မြို့နယ်အတွင်း ဆွာမင်းလမ်း၊ မြောက်လွှတ်ကုန်း၊ ရွှေသပြေကျေးရွာများရှိ ဒေသခံအချို့သည် ဝေးလံသော ပဲခူးရိုးမတောတွင်းအထိ ဝါးများကိုသွားရောက်၍ ခက်ခဲပင်ပန်းစွာ သွားရောက်ခုတ်ယူကြရသော်လည်း ပြန်လည်ရရှိသည့် အကျိုးအမြတ်မှာနည်းပါးလှကြောင်း သိရသည်။

 

``ကျွန်တော်တို့ ဝါးတောတက်ပြီဆိုရင် ၁၀ ရက်စာ ရိက္ခာကို ရွာစျေးဆိုင်ကနေ အကြွေးဝယ်ပြီးယူ သွားရတယ် တောတွေမှာက ဝါးကြီး ဝါးသန့်တွေက အတော့်ကိုရှားကုန်ပြီ။ လုပ်သားတစ်ယောက်မှ တစ်ရက်ကို အလုံး ၂၀ လောက်ပဲ ခုတ်နိုင်တာ။ သယ်ရတာက တောင်ဆင်းတောင်တက်တွေဆိုတော့ ပုခုံးတွေဆို ထမ်းရတာ အထိတောင် မခံနိုင်အောင်ပါပဲ။ နှီးဖျာတော့လဲ ခြင်တွေကတစ်အား ကိုက်တော့ ခုန်ဆွခုန်ဆွရမ်းရင်းနဲ့ပဲ လုပ်ရတာ ကျွန်တော်တို့ဆို ဘန့်ဘွေးပင်၊ ကျောက်တစ်လုံး၊ ဝါးရဲကြီး၊ ဝါးရဲလေး အထက်သိုင်းအထိသွားတယ် သိုင်းချောင်းအရောက်ကို တောတွင်းကနေ ၅ မိုင် ၆ မိုင်လောက်ကို တောင်ဆင်းတောင်တက်လမ်း တွေအတိုင်း ဝါးလုံးကြီးရင် ၄ လုံး ဝါးသေးဆိုရင် ၅ လုံးကို ပုဆိုးကွင်းသိုင်းပြီး မျောက်မီးလှန်ထမ်း ဆွဲရတော့ အရမ်းပင်ပန်းတယ်”ဟု ဆွာမင်းလမ်း ကျေးရွာနေ ဝါးခုတ်သား ကိုဝင်းလှိုင် ကပြောကြားသည်။ 

 

ဝါးခုတ်သူများအနေဖြင့် မိုးရာသီကာလ၌ သိုင်းချောင်းမှတဆင့်ဖောင်ဖွဲ့မျှောကြရပြီး အထက်သိုင်းဒေသမှ နံနက်စောစော မျှောသည့်အခါ ရေကောင်းလျင် နေ့မွန်းလွဲပိုင်းအချိန်ရောက်နိုင် သော်လည်း ရေနဲသွားသည့်အခါ သောင်တင်နေပါက လူဖြင့်ဝါးဖောင်ကို ရှေ့မှဆွဲရသည့်အခါများ တွင်းလည်းကောင်း လမ်းခရီးအခက်အခဲ့ကြောင့် ရက်ကြာသည့်အခါ ပါလာသည့် စားရိက္ခာပြတ် သွားသည့်အခါ ချောင်းတစ်လျောက် ယာတဲများ ကနေ ထမင်းတောင်းစားသည်များလည်း ကြုံတွေ့လေ့ရှိကြောင်း ကိုဝင်းလှိုင်က ဆက်လက်ပြောကြားသည်။ 

 

သိုင်းချောင်းမှတဆင့် ဆွာချောင်းသို့ဆက်လက် မျှောယူ၍ ရန်ကုန်-မန္တလေး ကားလမ်း ဆွာချောင်း တံတားရောက်လျင် ဝါးအရောင်းအဝယ်လုပ်သူများကို ဝါးတစ်လုံးလျှင် ၂၅၀ ကျပ်ဖြင့်ရောင်းချကာ ဝါးဝယ်ယူများက ဝါးတစ်လုံးလျင် ၅၀၀ ကျပ် ဖြင့်စျေးကွက်သို့ပြန်လည်ရောင်းချပြီး ပျော်ဘွယ် မိတ္ထီလာ ၊ မြစ်သား၊ မလှိုင်မြို့များသို့ ဝါးအလုံး လိုက်၊ ဝါးကဒ်များပြုလုပ်တင်ပို့ရောင်းချကြခြင်း ဖြစ်သည်။ 

 

ကိုလွင်(ဆွာ)