ပဲခူး စက်တင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပခဲ့သည့် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို ပြိုင်ပွဲအမျိုးအစား (၃၄) မျိုးဖြင့် ပြိုင်ပွဲဝင် စုစုပေါင်း (၁၃၉) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ယနေ့နံနက်ပိုင်းက ပဲခူးမြို့ မြို့တော်ခန်းမ၌ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပရာ ကဏ္ဍအလိုက် ဆုပေါင်း (၁၁၈) ဆုကို ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ဆုပေးပွဲအခမ်းအနားတွင် ပဲခူးမြို့၊ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးတွင် မြို့နယ်အသီးသီးမှ ပြိုင်ပွဲဝင်စုစုပေါင်း (၁၃၉) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ထူးချွန်ပြီး အမျိုးသား ယဉ်ကျေးမှု စရိုက်လက္ခဏာများကို ဆက်လက်ထိန်းသိမ်းမည့် မျိုးဆက်သစ် အနုပညာရှင်များ ပေါ်ထွန်းလာသည်ကို မြင်တွေ့ရ၍ ဂုဏ်ယူပါကြောင်း ပြိုင်ပွဲတွင် ရွေးချယ်ခံရသူများအနေဖြင့် ပဲခူးတိုင်းဒေသကြီး၏ဂုဏ်ကို ဖော်ဆောင်ပေးနိုင်ရေးအတွက် စွမ်းရည်၊ ပါရမီများ သာလွန်ကောင်းမွန်အောင် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ အကောင်းဆုံး လေ့ကျင့်ကြိုးစား ပေးကြစေလိုကြောင်းနှင့် မိမိတို့အစိုးရအဖွဲ့မှလည်း လိုအပ်သည်များ ထပ်မံပံ့ပိုးကူညီပေးသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများက ပထမ၊ အထူးဆုရရှိသူများအား ဆုတံဆိပ် နှင့် ဂုဏ်ပြုမှတ်တမ်းများကိုလည်းကောင်း၊ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများက ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုရရှိသူများကို ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းများကိုလည်းကောင်း ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာသည့် ဧည့်သည်တော်များအား ပြိုင်ပွဲဝင် ဆုရသူရှိသူများက အဆို၊ အကများဖြင့်လည်းကောင်း၊ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့်အတွက် မြန်မာ့နိုင်ငံသဘင်အစည်းအရုံး၊ ဥက္ကဋ္ဌ ဦးစိန်မြအောင် (ဆိုင်းဝိုင်းကြီး) မှ ဂုဏ်ပြုတီးခတ် ဖျော်ဖြေတင်ဆက်သည်။
သတင်းစဉ်