ရွှေတောင် ဩဂုတ် ၂၆
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဩဂုတ် ၂၅ ရက် နံနက်ပိုင်းက ပန်းတောင်းမြို့နယ်၊ ရွှေဘုံသာ- ရွာသာယာလမ်း မြေသားလုပ်ငန်း (၁)မိုင် (၃)ဖာလုံ ဆောင်ရွက်နေမှု၊ သရက်-ကံမ-ကဒူးပြင်-ပြည် ကားလမ်း ပဲခူးတိုင်းဒေသကြီးဘက်ခြမ်း (၈)မိုင် (၄)ဖာလုံ ကတ္တရာ ထပ်ပိုးလွှာ ခင်းနေမှုနှင့် ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ ကျောက်ဖူး စံပြကျေးရွာ၌ ဒေါ်တင်နွဲ့၏ တိုင်းရင်း ကြက်ကောင်ရေ ၁၀၀၀ မွေးမြူထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပန်းတောင်းမြို့နယ် သစ်တောဦးစီးဌာန၊ ညောင်ခြေထောက် သစ်ဆိပ်သို့ ရောက်ရှိပြီး ဖမ်းဆီးရမိသစ်များ လေလွင့်မှုမရှိစေရေး ကြည့်ရှုစစ်ဆေးပြီး သဲကုန်းမြို့နယ်၊ အင်းမမြို့၊ ရန်ကုန်-ပြည် ကားလမ်းမိုင်တိုင် (၁၅၇/၃နှင့် ၁၅၇/၅) ကြား မျက်ကွယ်ကွေ့ လမ်းဖြောင့်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုနှင့် နတ်တလင်းမြို့၊ ဘိုးဘွားရိပ်သာရှိ သက်ကြီးဘိုးဘွားများအား ဂါရဝပြု တွေ့ဆုံအားပေးကာ အလှူငွေကျပ် ၁၀ သိန်း ပေးအပ်လှူဒါန်းသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အုတ်ဖိုမြို့နယ်၊ လွှစင်အုပ်စု၊ ထိုင်းနှံကောက် မိုးစပါး အထွက်တိုး စံပြစိုက်ခင်း ဧက ၅၀၊ မင်းလှမြို့နယ် ဝက်လှကျေးရွာအုပ်စုရှိ RS-CS မျိုးစေ့ထုတ် စံပြကွက်နှင့် လက်ပံတန်းမြို့နယ်၊ ဂွေးတောက်ကွင်းကျေးရွာအုပ်စုရှိ GW-11 မိုးစပါး တစ်ဧကတင်း ၁၀၀ နှင့် အထက် ထွက်ရှိရေး စံပြစိုက်ခင်းဧက ၅၀ တို့ကို ကြည့်ရှုစစ်ဆေးပြီး သဘာဝမြေဩဇာ တိုးချဲ့သုံးစွဲနိုင်ရေးနှင့် အထွက်တိုးစပါး မျိုးကောင်း မျိုးသန့်များရရှိရေး ဆောင်ရွက်ရန် မှာကြားသည်။
ယင်းနောက် သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့တွင်း တံတားတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီ ပြီးစီးရေးနှင့် တည်ဆောက်ရေး လုပ်ငန်းခွင် မတော်တဆမှု မဖြစ်စေရေး ကြီးကြပ်ဆောင်ရွက်ရန် မှာကြားကာ ဗိုလ်စိန်မှန်ပန်းခြံအတွင်းရှိ ပီမိုးနင်းစာကြည့်တိုက် ရေရှည်တည်တံ့ရေအတွက် ထောက်ပံ့ငွေကျပ် ငါးသိန်းကို ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်