နေပြည်တော်  ၂၄   ဇွန် 

 

ပဲခူးတိုင်းဒေသကြီးနောက်ခြမ်းရှိ  မြောက်နဝင်းတောင် နဝင်းဝဲကြီး တောင်ညိုရေလှောင်တမံများ၏ ဆည်ရေသောက်စနစ်များ အဆင့်မြှင့်တင်ခြင်း စီမံကိန်းအောင်မြင်ပြီးမြောက်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက  ပေါင်းတည်မြို့နယ် ဝဲကြီးဆည်ရေသောက် စီမံကိန်းရှင်းလင်းဆောင်၌ ကျင်းပသည်။

 

အခမ်းအနားတွင်  ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက နိုင်ငံတော်၏ ဘဏ္ဍာငွေကြေး အမြောက်အများ ရင်းနှီးမြှုပ်နှံဆောင်ရွက်ခဲ့သော ဆည်တမံများ ရေသောက်စနစ်များမှရရှိလာမည့် အကျိုးရလဒ်များကို ထိရောက်အကျိုးရှိစွာ အသုံးချပြီး ဒေသနေပြည်သူများ၏ လက်ရှိလူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စနစ် တကျသုံးစွဲကြရန် လိုအပ်သကဲ့သို့ သားစဉ်မြေးဆက် ရေရှည် အကျိုးပြုနိုင်သည့် အမွေကောင်းအဖြစ် လက်ဆင့်ကမ်း အသုံးပြုနိုင်ရေးအတွက်လည်း အားလုံးပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက စိုက်ပျိုးရေသေချာသည့် ဆည်ရေသောက်များ၌ ဈေးကွက်ဝင် ဈေးကောင်းရ သီးနှံများရွေးချယ်စိုက်ပျိုးခြင်း၊ ဂျီအေပီနှင့်အော်ဂဲနစ်စနစ်များ လိုက်နာကျင့်သုံးပြီးတန်ဘိုးမြင့် ထုတ်ကုန်များဖြစ်စေရေး ကြိုးပမ်းခြင်းဖြင့် ဆည်ရေလည်းအကျိုးရှိ တောင်သူလည်းဝင်ငွေတိုးမည့် နည်းလမ်းကို ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး Mr. Ichiro Maruyama နှင့် JICA , Chief Representative Mr. Masayuki Karasawa တို့က ဂုဏ်ပြုဝမ်းမြောက်စကား ပြောကြားသည်။

 

ဆက်လက်၍ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက် ရေး ၂  ညွှန်ကြားရေးမှူးက စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းတင်ပြပြီး ဒေသနေတောင်သူလယ်သမား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။ 

 

ယင်းနောက်  ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် JICA မှ တာဝန်ရှိသူများက မံကိန်းအထိမ်းအမှတ် ကမ္ဗည်းမော်ကွန်းအား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။

 

စီမံကိန်းလုပ်ငန်း ဆောင်ရွက်သည့်ဒေသများဖြစ်သည့် ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်း၊ ပြည်၊ သဲကုန်း၊ ပေါင်းတည်၊ နတ္တလင်းနှင့် ဇီးကုန်းမြို့နယ်များအတွင်းရှိ  မြောက်နဝင်း၊ တောင်နဝင်း၊ ဝဲကြီး၊ တောင်ညို ဆည်ရေသောက်စနစ်များတွင် မြောင်းများ ပုံစံကျဖြစ်အောင်ဆောင်ရွက်ခြင်း၊ တူးမြောင်းများအားကွန်ကရစ် လိုင်နင်၊ အုတ်လိုင်နင်စီခြင်း၊ မြောင်းစစ်လမ်း၊ ဆည်ချဉ်းကပ်လမ်း၊ တူးမြောင်းအဆောက်အဦ များ၊ တံတားငယ်များနှင့်ဆိုင်ဖွန်များအား ပြုပြင်တည်ဆောက်ခြင်းနှင့် စက်ယန္တရားများ ဝယ်ယူပံ့ပိုးခြင်းတို့ဖြင့် ဂျပန်ယန်းသန်း (၁၄၈၇၀) အကုန်အကျခံဆောင်ရွက်ခဲ့သည့် အဆိုပါစီမံကိန်းကြောင့် မြောက်နဝင်းဆည်ရေသောက် စနစ်တွင် ၅၃၁၆၈ ဧက၊ တောင်နဝင်းဆည်ရေသောက်စနစ်တွင် ၇၂၇၀၈ ဧက၊ ဝဲကြီးဆည်ရေသောက် စနစ် တွင် ၄၀၄၂၈ ဧက၊ တောင်ညိုဆည်ရေသောက်စနစ်တွင် ၄၉၉၈၁ ဧကတို့ဖြင့် စုစုပေါင်း စိုက်ပျိုးမြေဧရိယာ၂၁၆၂၈၅ ဧကကို အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

 

(သတင်းစဉ်)