ပဲခူး ၂၃ စက်တင်ဘာ

 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ Cabinet အစည်းအဝေးခန်းမတွင် စက်တင်ဘာလ(၂၂)ရက် မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ Online Meeting ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက Covid-19 ရောဂါသည် ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ရန်ကုန်၊ ရခိုင်ဒေသများမှ ပြန်လည်ဝင်ရောက်လာသူများကတစ်ဆင့် ပြန့်ပွားမှုများရှိကြောင်း၊ သက်ဆိုင်ရာ နယ်စပ်ဝင်ပေါက်များအား အထူးကြပ်မတ်စစ်ဆေး ဆောင်ရွက်ရန်၊ ပဲခူးတိုင်းဒေသကြီးအတွင်း ကုန်တင်ယာဉ်များ ဖြတ်သန်းရာတွင် ပေးပို့ပြီးဖြစ်သည့် SOP ညွှန်ကြားချက်များနှင့်အညီ မြို့နယ်Covid-19 ကော်မတီများမှ အနီးကပ်ကြီးကြပ်ဆောင်ရွက်ရန်၊ မြို့နယ်အလိုက် သံသယလူနာ၊ စောင့်ကြည့်လူနာနှင့် ပိုးတွေ့လူနာများအတွက် သီးခြားနေရာများ ထပ်မံရှာဖွေထားရန်နှင့် လိုအပ်ချက်များရှိပါက တစ်ပါတည်းတင်ပြပေးရန် ပြောကြားခဲ့သည်။

 

ထို့နောက် ပဲခူးတိုင်းဒေသကြီး Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဝင် များဖြစ်သည့် အစိုးရအဖွဲ့ရုံး ဝန်ကြီးများက ကော်မတီအလိုက် ဆောင်ရွက်နေမှု အခြေအနေကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်က Covid-19 ကုသရေးနှင့် အရေးပေါ်ဖြစ်စဉ်များအပေါ် တုံ့ပြန်ဆောင်ရွက်သွားရမည့် အစီအစဉ်များကိုလည်းကောင်း၊ ပဲခူး၊ တောင်ငူ၊ ပြည်၊ သာယာဝတီ ဆေးရုံအုပ်ကြီးများက ခရိုင်ဆေးရုံများအလိုက် Covid-19 စောင့်ကြည့်လူနာနှင့်  Covid-19 ကုသရေးလုပ်ငန်းစဉ်များကိုလည်းကောင်း၊ သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးများက မြို့နယ်အလိုက် Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် လိုအပ်သည့် အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးနှင့် အစိုးရအဖွဲ့မှ ပံ့ပိုးပေးရန် လိုအပ်ချက်များကိုလည်းကောင်း အသီးသီးတင်ပြဆွေးနွေးခဲ့ရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန် ပံ့ပိုးဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)