ပဲခူး  ၁၅  ဇူလိုင်

 

ပဲခူးတိုင်းဒေသကြီး စပါး၊ဆန် ဝယ်ယူရေးကြီးကြပ်မှုလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌    ကျင်းပသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက  တောင်သူလယ်သမား အခွင့်အရေးကာ ကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်နိုင်ရေးသည် ဆန်စပါးစျေးကွက် တည်ငြိမ်ခိုင်မာမှုရှိမှသာ ဆောင်ရွက်ပေးနိုင်မည်ဖြစ်၍ အစိုးရမှ ဆန်/စပါးများ ဘဏ္ဍာနှစ်အလိုက် ဝယ်ယူရခြင်းဖြစ်ကြောင်း၊ ဆန်စပါးများ ဝယ်ယူရာတွင် တင်ဒါအောင်မြင်သူများအနေဖြင့် တောင်သူလယ်သမားများ၏ အကျိုးစီးပွား ထိခိုက်မှုမရှိစေဘဲ အစိုးရမှ သတ်မှတ်ထားသော စျေးနှုန်းအတိုင်း ဝယ်ယူသွားရန် အရေးကြီး သလို ဆန်/စပါး ရောင်းချမည့် တောင်သူများအနေဖြင့်လည်း မိမိတို့၏ ဆန်း/စပါးများ ရောင်းချရာတွင် သတ်မှတ်အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဒါမှသာ အထင်အမြင်လွဲမှားမှုများ၊ အငြင်းပွားမှုမဖြစ်စေဘဲ လျော့နည်းလာနိုင်မည်ဖြစ်ကြောင်း၊ ဆန်/စပါး စျေးကွက် ရေရှည်ခိုင်မာမှုရှိစေရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်း၊ မျိုးသန့်များ ဖြန့်ဖြူး ပေးရန်လည်း လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဖြစ်ပေါ် နေသည့် ဆန်/စပါး စျေးနှုန်းများနှင့် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးခဲ့မှုအခြေအနေများကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦးကျော်စွာဝင်းက နှစ်အလိုက် အစိုးရမှ ထောက်ပံ့ပေးမှုအပေါ်  သတ်မှတ်ချက်နှင့်အညီ တင်ဒါအောင်မြင်သည့် ဆန်/စပါး အဝယ်ဒိုင် များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့မှု၊ အနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့မှုနှင့် ယခုနှစ် မိုးစပါးဝယ်ယူ သွား မည့်အခြေအနေများကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးခိုင်က အဝယ်ဒိုင်များအနေဖြင့် တောင်သူများနှင့် အနီးဆုံးနေရာအထိ ကွင်းဆင်းဝယ်ယူပေးနိုင်ရေးကို လည်းကောင်း တင်ပြခဲ့မှုအပေါ်  တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ထွက်ရှိလာမည့် မိုးစပါးသီးနှံများအား သင့်တင့် မျှတသော စျေးကွက်နှင့် စျေးနှုန်းဖြစ်ပေါ်စေရေးအတွက် အစိုဓာတ် (၁၄ ရာခိုင်နှုန်း)၊ အဖျင်းအမှော်၊ ဖုံ၊ သဲ၊ ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများကိုက်ညီသည့် တစ်တင်းလျှင် (၄၆)ပေါင်ကိုက် စပါးတင်း(၁၀၀)၏ အခြေခံရည်ညွှန်းစျေးနှုန်းကို ကျပ်ငွေ(၅၂၀၀၀၀) သတ်မှတ်ထားပြီး မြို့နယ်(၂၈)မြို့နယ်တွင် အဝယ်ဒိုင်များဖွင့်လှစ်ကာ စပါးတင်(၁၅)သိန်းခန့် ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ဟိန်းထက်(ခရိုင်ပြန်/ဆက်)